မြန်မာရွှေ့ပြောင်းအလုပ်သမား စာသင်ကျောင်း ယာယီပိတ်ခံရ
2019.08.27

ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးပြီးနောက် ဆရာ-ဆရာမတွေ ဖမ်းဆီးခံလိုက်ရတဲ့ ထိုင်းနိုင်ငံ ရနောင်းမြို့က မြန်မာရွှေ့ပြောင်းအလုပ်သမား စာသင်ကျောင်းဟာ ယာယီပိတ်ခံထားရတဲ့အတွက် တစ်လအတွင်း ပြန်ဖွင့်ခွင့်ရအောင် ကြိုးစားနေတယ်လို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။
ထိုင်းနိုင်ငံ ရနောင်းမြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေ စာသင်ကြားဖို့ ဖွင့်လှစ်ထားတဲ့ ရနောင်းဌာနီ စာသင်ကျောင်းကို ထိုင်းအာဏာပိုင်တွေက သြဂုတ် ၂၄ ရက်မှာ ဝင်ရောက်စစ်ဆေးခဲ့ပြီး လတ်တလော ပိတ်ခံထားရတာဖြစ်ပါတယ်။
ရနောင်းအခြေစိုက် ထိုင်းအာဏာပိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ စစ်တပ်၊ လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားရေး၊ လူကုန်ကူးမှုတားဆီးရေးနဲ့ ထိုင်းရဲတပ်ဖွဲ့တွေ ဝင်ရောက်စစ်ဆေးတာပါ။ အဲဒီကျောင်းမှာ စာသင်ကြားနေတဲ့ ဆရာ၊ ဆရာမ ၃၂ ယောက်ကို ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ခွင့် စည်းမျဉ်း စည်းကမ်းတွေနဲ့ မညီလို့ဆိုပြီး ဖမ်းဆီးခဲ့တာလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
မြန်မာသံရုံးနဲ့ အလုပ်သမား ကူညီပေးရေးအဖွဲ့တွေက ထိုင်းအစိုးရအဖွဲ့တွေနဲ့ သွားရောက်တွေ့ဆုံ ဆွေးနွေးကြပြီးနောက် မနေ့က ထိုင်းနိုင်ငံ ရနောင်းမြို့ကနေ မြန်မာနိုင်ငံ ကော့သောင်းမြို့ကို ပြန်ပို့ပေးလိုက်ကြတယ်လို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။
ကျောင်းကို အမြန်ပြန်ဖွင့်ခွင့်ရဖို့နဲ့ ပြန်ပို့ခံရတဲ့ ကျောင်းဆရာ - ဆရာမတွေ တရားဝင်စာသင်ခွင့်ရဖို့ ကြိုးစားနေတယ်လို့ ရနောင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ မြန်မာအစိုးရ အလုပ်သမား သံအရာရှိ ဦးကျော်စိုးဝေက RFA ကိုပြောပါတယ်။
ပြန်ပို့ခံရတဲ့ ကျောင်းဆရာ- ဆရာမတွေဟာ ထိုင်းနိုင်ငံမှာ တရားဝင်စာသင်ခွင့်ရဖို့ မြန်မာနိုင်ငံ ကော့သောင်းမြို့နယ် ပညာရေးမှူးရုံးကနေ ထောက်ခံချက်ယူပြီး အဲဒီကနေ ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနကို ပြန်တင်ပြရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားအလုပ်သမား စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၇ အရ ဆရာမတွေဟာ အလုပ်လုပ်ခွင့် work permit မရှိတာကြောင့် ဖမ်းဆီးခံရတာဖြစ်ပြီး တစ်ယောက်ကို ဒဏ်ငွေ ဘတ် ၅၀၀၀ ( မြန်မာငွေ ၂ သိန်းခွဲလောက်) ကျခံခဲ့ရတယ်လို့ မြန်မာနိုင်ငံ နိုင်ငံခြား အလုပ်ကိုင်ရှာဖွေရေး အေဂျင်စီများအဖွဲ့ချုပ်က ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
ဒါပေမဲ့ သူတို့တွေကို ထိုင်းနိုင်ငံကို ပြန်ဝင်ခွင့်ပိတ်ပင်တာတွေ၊ ကန့်သတ်တာတွေ မရှိဘူးလို့လည်း သိရပါတယ်။
မြန်မာအလုပ်သမားတွေရဲ့ ကလေးတွေ မူးယစ်ဆေးဝါးသုံးစွဲတဲ့ အနေထားမျိုး မရောက်အောင် ဒီလိုကျောင်းမျိုးတွေ ရှိဖို့လိုအပ်တာကြောင့် အမြန်ပြန်ဖွင့်နိုင်ဖို့ အလုပ်သမားဦးစီးဌာနနဲ့လည်း ဆွေးနွေးထားတယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
အဲဒီကျောင်းဖွင့်လှစ်တာ ၁၀ နှစ်လောက်ရှိပြီး မူလတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ကျောင်းသားပေါင်း ၁၃၀၀ လောက်ရှိပါတယ်။ ကျောင်းဆရာ - ဆရာမ ၄၅ ယောက်လောက်ရှိတယ်လို့လည်း သိရပါတယ်။ အဲဒီကျောင်းမှာ မြန်မာနိုင်ငံရဲ့ သင်ကြားနည်းစနစ်သစ်အတိုင်း သင်ကြားတာပါ။
အဲဒီကျောင်းကို ၁၅ ရက်နေထိုင်ခွင့်နဲ့ စေတနာ့ဝန်ထမ်း လာရောက်လုပ်ကိုင်တာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အဲဒီကျောင်းဟာ မြင်းခြံဆရာတော်ဘုရားက ကြီးမှူး ဖွင့်လှစ်ထားတာဖြစ်ပြီး ထိုင်းဘုန်းကြီးကျောင်း သုံးကျောင်းကနေ ဝိုင်းဝန်းကူညီထားပေမယ့် တရားဝင်မှတ်ပုံတင်ထားတာ မဟုတ်ဘူးလို့ သိရပါတယ်။ အဲ့ဒါကြောင့် တရားဝင်ကျောင်းအဖြစ် သတ်မှတ်နိုင်ဖို့ လိုအပ်ချက်တွေကို ဆရာတော်ဘုရားတွေဆီ လျှောက်ထားထားတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)