ထိုင်းစက်လှေက သင်္ဘောသား ၃၁ ဦးကို စစ်ကောင်စီရေတပ် ဖမ်းဆီးသွား
2024.11.30

ရနောင်းခရိုင် ကမ်းလွန်ပင်လယ်ပြင်မှာ မြန်မာရေတပ် ကင်းလှည့်သင်္ဘောတစ်စင်းက စနေနေ့က ပစ်ခတ်ခဲ့လို့ ငါးဖမ်းသမားတစ်ဦး ရေနစ်သေဆုံးပြီး ငါးဖမ်းရေယာဉ်တစ်စင်းက သင်္ဘောသား ၃၁ ယောက်ကို စစ်ကောင်စီရေတပ်က ဖမ်းဆီးသွားတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ထိုင်းငါးဖမ်းရေယာဉ် ၁၅ စင်းထဲက နှစ်စင်းက မြန်မာရေပိုင်နက် ရေမိုင် ၄ မိုင်ကနေ ၅ မိုင်ခွဲကျော်ထဲ ဝင်ရောက်သွားပြီးနောက် ပစ်ခတ်ခံရတာလို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
ပစ်ခတ်ချိန်မှာ တံငါသည် သုံးယောက် ရေထဲကို ခုန်ဆင်းခဲ့ပြီး တစ်ယောက်က ရေနစ်သွားတဲ့အကြောင်းနဲ့ ကျန်နှစ်ယောက်ကို ထိုင်းရေတပ်က ကယ်ဆယ်လိုက်တယ်လို့ ပြောပါတယ်။
သင်္ဘောသားတွေဖြစ်တဲ့ ထိုင်းနိုင်ငံသား လေးဦးနဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို မြန်မာနိုင်ငံ Yan Cheuk ကျွန်းကို ခေါ်ဆောင်သွားတယ်လို့ ယူဆရကြောင်း ထိုင်းရေတပ်နယ်မြေကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Suwat က ပြောပါတယ်။
ထိန်းသိမ်းခံထားရတဲ့ သင်္ဘောသားတွေကို ကူညီဆောင်ရွက်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးတို့ကို ဝန်ကြီးချုပ် Paetongtarn က ညွှန်ကြားထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။
ထိုင်းရေတပ်ကလည်း ဖမ်းဆီးခံရသူတွေကို လွှတ်ပေးဖို့ စေ့စပ်ဆွေးနွေးနေတယ်လို့လည်း ဆိုပါတယ်။ မြန်မာစစ်ကောင်စီသဘောထားကို မေးမြန်းဖို့ တယ်လီဖုန်းဆက်သွယ်ပေမဲ့ တုံ့ပြန်ချက်မရသေးဘူးလို့ ဆိုပါတယ်။
ရေလုပ်သားတွေ လွတ်မြောက်ရေးနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုရှိ မရှိ ဆန်းစစ်ဖို့ မြန်မာစစ်ကောင်စီအာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကလည်း ပြောပါတယ်။
မြန်မာရေပိုင်နက်နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံတောင်ဘက် ရနောင်းခရိုင်က ငါးလုပ်ငန်းဦးစီးဌာနကလည်း ရေနယ်နိမိတ်ခြားထားတဲ့ နေရာဘက်သွားရင် သတိထားဖို့ ထိုင်းငါးဖမ်းရေယာဉ်တွေ သတိပေးထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒီဖြစ်ရပ်နောက်ပိုင်း ထိုင်းဘုရင့်ရေတပ်ရဲ့ တတိယနယ်မြေကွပ်ကဲမှုအဖွဲ့က ကင်းလှည့်ရေယာဉ်တွေနဲ့ ရနောင်းခရိုင်အတွင်းက ထိုင်းရေပိုင်နက်ကို စောင့်ကြည့်ဖို့ ညွှန်ကြားထာတယ်လို့ Khaosod သတင်းက ဖော်ပြပါတယ်။ ရေကြောင်းနယ်နိမိတ်ကို သတိထားရှောင်ရှားဖို့လည်း ရေယာဉ်အားလုံးကို သတိပေးထားတယ်လို့ ဆိုပါတယ်။