မွန်းတည့်နေဂျာနယ်အမှု ၇ ဦးကို သြဂုတ် ၄ ရက်နေ့ တရားစွဲဆိုမည်
2014.07.31

ကြားဖြတ်အစိုးရတင်မြှောက်တဲ့ သတင်းရေးသားဖော်ပြ တဲ့ မွန်းတည့်နေဂျာနယ် ထုတ်ဝေသူ၊ အယ်ဒီတာနဲ့ သတင်းထောက် စုစုပေါင်း ၇ ဦးကို သြဂုတ်လ ၄ ရက်နေ့မှာ အမှုစတင်စွဲဆိုတော့မယ်လို့ ဒီအမှုကိုလိုက် ပါဆောင်ရွက်နေတဲ့ ဗဟိုတရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဒီနေ့ ပြောကြားလိုက် ပါတယ်။
ရဲသတင်းအထူးတပ်ဖွဲ့က တရားလိုလုပ်ပြီး ပန်းပဲတန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုမှာ လို့ မြန်မာနိုင်ငံ ရှေ့နေကွန်ရက်က ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
"သူတို့ ၇ ယောက်ကို ၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ဃ) နဲ့ ၅ (ည) တို့အရ ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ အမှုစတင်စွဲဆိုတော့မယ်လို့ သိရပါတယ်"
ဒီ ၇ ဦးထဲမှာပါဝင်တဲ့ ဂျာနယ်ထုတ်ဝေသူ ဦးကျော်မင်းခိုင်နဲ့ မိတ်ဆွေဖြစ်သူ ဦးယဉ်မင်းထွန်းတို့ကို ထိုင်းနိုင်ငံမဲဆောက်မြို့မှာ ဇူလိုင် ၁၇ ရက်က ဖမ်းဆီးမိပြီး သူတို့နဲ့အတူဖမ်းဆီးမိတဲ့ ဒေါက်တာ အိအိစံကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ခု တရားစွဲဆိုခံရမယ့်လူတွေဟာ ပြစ်မှုထင်ရှားရင် ပုဒ်မနှစ်ခုစလုံးအတွက် ထောင်ဒဏ် ၇ နှစ်စီကျခံ ရနိုင်တယ်လို့လည်း ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ဇူလိုင်လ ၇ ရက်နေ့ ထုတ်မွန်းတည့်နေဂျာနယ်မှာ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF အဖွဲ့က “ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ်အစိုးရ တင်မြှောက်” ဆိုတဲ့ သတင်းဖော်ပြမှုနဲ့ အရေးယူခံရတာပါ။
ဒီသတင်းကြောင့် ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်စေရုံမက နိုင်ငံတော်ကို အကြည်ညိုပျက်စေတာ၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတာအပြင် အများပြည်သူရဲ့ အကျိုးပျက်စီးစေမှု ဖြစ်ပေါ်စေတယ်လို့ ဇူလိုင်လ ၈ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြပါတယ်။