နိုင်ငံခြားသား သတင်းထောက်တချို့ လွှတ်တော်သတင်း တက်ယူခွင့်ရ
2011.09.03

ပြည်သူ့လွှတ်တော်မှာ ရုပ်မြင်သံကြားရိုက်ကူးခွင့် ပထမဆုံး ရရှိတဲ့ နိုင်ငံခြား သတင်းဌာနတွေကတော့ CCTV တရုတ် ရုပ်မြင်သံကြား သတင်းဌာနနဲ့ ဂျပန်သတင်းဌာနတခု ဖြစ်တဲ့ Fuji ဖူဂျီရုပ်မြင်သံကြားဌာန တို့ ဖြစ်ပြီး မနေ့က နေပြည်တော်ကို သွားရောက် သတင်းယူခဲ့ကြတယ်လို့ ဆိုပါတယ်။
ဂျပန် သတင်းထောက်တွေအနေနဲ့ သတင်းရယူနိုင်ဖို့ အမြဲလိုလို ဗီဇာ လျှောက်ထားခဲ့ရာမှာ အခုတကြိမ် မထင်မှတ်ဘဲ ခွင့်ပြုချက် ရရှိခဲ့တာလို့ ဖူဂျီ ရုပ်သံဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
ဖူဂျီရုပ်သံနဲ့ CCTV တို့ကို ခွင့်ပြုလိုက်တဲ့ သတင်းကြောင့် ရန်ကုန်မှာရှိတဲ့ နိုင်ငံခြား သတင်းဌာနတွေကလည်း သူတို့ရဲ့ သတင်းထောက်တွေအတွက် ဗီဇာတွေ အပြိုင်အဆိုင် လျှောက်နေကြတယ်လို့ သိရပါတယ်။
ဒုတိယအသုတ် ဗီဇာခွင့်ပြုချက် ရရှိလိုက်တဲ့ နိုင်ငံခြားသား သတင်းစာဆရာတွေ စက်တင်ဘာလ ၆ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်ကြမယ်လို့ သိရပါတယ်။
အရင်က ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပတဲ့အခါ သတင်းထောက်တွေ တက်ရောက်ခွင့် မရကြပေမယ့် အခုတကြိမ် ကျင်းပတဲ့အခါမှာ နိုင်ငံခြားသတင်းဌာနတွေရဲ့ ဌာနေကိုယ်စားလှယ် သတင်းထောက်တွေနဲ့အတူ ပြည်တွင်းဂျာနယ်တွေက သတင်းထောက်တွေကို အစိုးရက တက်ရောက် သတင်းယူခွင့် ပေးခဲ့ပါတယ်။