သတင်းမီဒီယာဖွံ့ဖြိုးရေး စိန်ခေါ်မှုတွေ ဆွေးနွေး
2014.09.18

သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရေးဆွဲနေတဲ့ ဥပဒေတွေကို အစိုးရတာဝန်ရှိသူတွေ နားလည်အောင် ကြိုးစားနေရတာဟာ အကြီးမားဆုံး စိန်ခေါ် မှုဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ဒီကနေ့ ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာကျင်းပနေတဲ့ တတိယအကြိမ်မြောက် သတင်းမီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲ ပထမနေ့နားချိန်မှာ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့ရဲ့ အရင်တုန်းကရေးဆွဲခဲ့တဲ့ မီဒီယာနဲ့ ဆိုင်တဲ့ ဥပဒေအားလုံးဟာ ထိန်းချုပ်ဖို့ဆိုတဲ့ ရည်ရွယ် ချက်နဲ့ဆွဲခဲ့တာ၊ အခု ကျနော်တို့ ပြန်ဆွဲတဲ့အခါကျတော့ ကျနော်တို့က ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆွဲတာ၊ ဆွဲတဲ့ခါကျတော့ အဲ့ဒီနှစ်ခုကွဲပြားခြားနားချက် ကို ကျနော်တို့ နားလည်အောင် လုပ်ရတာ အကြီးမားဆုံး စိန်ခေါ်မှှုပါ"
ပြန်ကြားရေးဋ္ဌာနအတွင်းမှာရှိတဲ့ ဝန်ထမ်းတွေဟာ အတွေ့အကြုံနဲ့ အတတ်ပညာပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ပြောပါတယ်။ ဒါ့အပြင် ပြည်သူတွေနဲ့ ပုဂ္ဂလိက သတင်းမီဒီယာသမားတွေဟာ ပြန်ကြားရေး ဝန်ကြီးဋ္ဌာနအပေါ် သံသယတွေရှိနေသေးကြောင်းလည်း ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
ဒီနေ့ ဆွေးနွေးပွဲပထမနေ့မှာ စာနယ်ဇင်းကျင့်ဝတ်၊ ရုပ်သံမီဒီယာနဲ့ အများပြည်သူဝန်ဆောင်မှု ဆိုင်ရာဥပဒေ အကြောင်းအပြင်၊ တိုင်းရင်းသားအသံလွှင့်လုပ်ငန်းတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသားချက်တွေ အကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။
ပုဂ္ဂလိက သတင်းမီဒီယာသမားတွေအနေနဲ့ အစိုးရဋ္ဌာနဆိုင်ရာတွေကနေ သတင်းရယူဖို့အတွက် အခု အချိန်အထိ အခက်အခဲတွေ ရှိနေသေးတဲ့အတွက် ပြန်ကြားရေးဝန်ကြီးဋ္ဌာနနဲ့ ထပ်ပြီးဆွေးနွေးဖို့ လိုအပ်နေသေးတယ်လို့ ဒီကနေ့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေး က ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးဋ္ဌာနနဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားတွေဟာ သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။ အခုလို ဆွေးနွေးပွဲကျင်းပတာဟာ အခုအချိန်နဲ့ဆိုရင် ၃ ကြိမ်ရှိပြီဖြစ်ပါတယ်။
ပထမနေ့မှာ ဆွေးနွေးခဲ့တာတွေကို RFA သတင်းထောက် ကိုမျိုးဇော်ကို စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။