အမျိုးသား ပညာရေးဥပဒေ ဆန့်ကျင်ရေး မန္တလေးမှာ ဆန္ဒပြ


2014.10.31
education-law-305 မန္တလေးမြို့ ရတနာပုံတက္ကသိုလ်က တက္ကသိုလ်ကျောင်း သားတွေ အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြန်လည်ပြင် ဆင်ပေးဖို့ သြဂုတ်လ ၂၇ ရက်နေ့က ဆန္ဒထုတ်ဖော်စဉ်
Photo: Hset Paing Toe / RFA

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၈ ခရိုင်က အမျိုးသား ပညာရေးဥပဒေ ဆန့်ကျင်ကန့်ကွက် တဲ့ ဆန္ဒပြပွဲကို မန္တလေးမြို့မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

ဒီဆန္ဒပြပွဲကို ကျောင်းသားတွေအပြင်၊ လူငယ် အဖွဲ့တွေဖြစ်တဲ့ ဗလသ ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များသမဂ္ဂနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး သုံးရောင်ခြယ် ကဒေါင်းလူငယ်အဖွဲ့ကလည်း ပူးပေါင်းခဲ့ကြပြီး၊ မန္တလေးမြို့လယ်ခေါင် ဈေးချိုတဝိုက်က လမ်းမတွေပေါ်မှာ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် အထက်ဗမာပြည်ဘဏ္ဍာရေးမှူး ကိုသန်းထိုက်က RFA ကိုအခုလိုပြောပါတယ်။

"အမျိုးသား ပညာရေးဥပဒေကို မကြိုက်လို့ တစ်လျှောက်လုံး ဗကသအနေနဲ့ ကန့်ကွက်တယ်၊ အခုလည်း ထပ်ပြီးကန့်ကွက်တယ်၊ အားလုံးပေါင်း ၈ ခရိုင်ဗျ ဆန္ဒပြကြတာ၊ တခြားအင်အားစုတွေကလည်း ပါတယ်ခင်ဗျ၊ နာရီဝက် ၄၅ မိနစ်လောက်ကြာပါတယ်"

ဆန္ဒပြပွဲမှာ လူငယ်ကျောင်းသား အယောက် ၁ ရာနီးပါးပါဝင်ကြပြီး၊ ပြည်သူတွေရဲ့ အားပေးထောက်ခံ မှုလည်း တွေ့ရတယ်လို့ ကိုသန်းထိုက်က ပြောပါတယ်။

သူတို့ရဲ့ အမျိုးသား ပညာရေးဥပဒေ ဆန္ဒပြပွဲဟာ အနှောင့်အယှက်မရှိ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားခဲ့ပေမယ့်၊ ဗကသများအဖွဲ့ချုပ်က ခေါင်းဆောင် ၃ ဦးနဲ့ ဗလသအဖွဲ့က ခေါင်းဆောင် ၂ ဦးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး က ဖိတ်ခေါ်ပြီး၊ ဆန္ဒပြပွဲတွေကို ပုဒ်မ ၁၈ နဲ့အညီ ဆောင်ရွက်သွားမယ့်အကြောင်း ရှင်းလင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။