ကျောင်းသားစစ်ကြောင်း ရန်ကုန်ကို ချီသင့်၊ မသင့် မနက်ဖြန် ဆုံးဖြတ်မည်
2015.02.17

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ တောင်း ဆိုနေတဲ့ ပင်မသပိတ်စစ်ကြောင်းဟာ ရန်ကုန်အထိ ဆက်လက်ချီတက်ဖို့ မသေချာသေးဘဲ မနက်ဖြန် မှာ ဆွေးနွေးဆုံးဖြတ်မယ်လို့ ကျောင်း သားခေါင်းဆောင်တွေက ပြောပါတယ်။
ပင်မသပိတ်စစ်ကြောင်း လက်ပံတန်းမြို့ကို ဒီနေ့ရောက် ရှိလာချိန်မှာ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က ပြောပါတယ်။
"မနက်ဖြန် လက်ပံတန်းမှာ ကျောင်းသားတွေ စာမေးပွဲ စတဲ့ရက်ပေါ့၊ တစ်ရက်နားမယ်၊ နားတဲ့အချိန်မှာ ကျနော်တို့ အစည်းအဝေးလုပ်မယ်၊ ကျောင်းသား အကုန်လုံးကို လက်ရှိအခြေအနေ အားလုံးရှင်းပြ မယ်၊ ကျောင်းသားတွေရဲ့ ဆုံးဖြတ်ချက်တွေတောင်း မယ်၊ သူတို့ရဲ့သဘောထားတွေတောင်းမယ်၊ အဲ့သဘောထားအတိုင်း ဆက်သွားသင့်၊ မသင့် သတင်းထုတ်ပြန်မယ်"
အဲဒီ့သပိတ်စစ်ကြောင်း ကျောင်းသား ကျောင်းသူ ၁၀၀ ကျော် ပါဝင်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က မန္တလေးမြို့က ထွက်ခွာလာတာ ဖြစ်ပါတယ်။
ဧရာဝတီ၊ ထားဝယ်၊ မော်လမြိုင်၊ ပခုက္ကူ နဲ့ မုံရွာက သပိတ်မှောက်စစ်ကြောင်းတွေဟာ မနေ့က သပိတ်တွေကို ရပ်နားလိုက်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကိုမင်းသွေးသစ်ကို RFA သတင်းထောက် မဇင်မာဝင်း က ဆက်သွယ်မေးမြန်းထားပါတယ်။