ချီတက်ဆန္ဒပြပွဲ ဆက်လက် ဆင်နွှဲဖို့ ကျောင်သားတွေ ဆုံးဖြတ်


2015.01.29
mdy-students-march-305.jpg အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်တဲ့ ကျောင်း သားတွေဟာ မန္တလေးမြို့အိမ်တော်ရာ ဘုရားဝင်းကနေ ရန်ကုန်မြို့ကို ဇန်နဝါရီ ၂၀ ရက်နေ့က စတင်လမ်းလျှောက် ဆန္ဒပြကြစဉ်။
Photo: Nay Thwae/RFA

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ မန္တလေးမြို့ကနေ လမ်းလျှောက်ဆန္ဒပြတဲ့ ဆန္ဒပြ ကျောင်းသားကျောင်းသူတွေက လေးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပတဲ့အထိ ဆက်လက်ချီတက်ဆန္ဒပြကြမယ်လို့ ပြောပါတယ်။

အစိုးရနဲ့ ကျောင်းသားကိုယ်စားလှယ်တွေပါတဲ့ လေးပွင့်ဆိုင်တွေ့ဆုံပွဲကို လက်ခံပေမဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဆွေးနွေးပွဲနေ့အထိ လမ်းလျှောက်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆန္ဒပြကျောင်းသား ကိုအောင်နေပိုင် က ပြောပါတယ်။

"ကျနော်တို့က ပုပ္ပားကိုရောက်နေတဲ့အတွက် ကျောက်ပံတောင်းမြို့ အထိရောက်အောင် ဆက်ထွက်တာပါ၊ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ကျနော်တို့အနေနဲ့ ဘာမှမပြောလိုပါဘူး၊ အဓိကကတော့ ကျနော်တို့က လမ်းကြောင်းဆက်ထွက်တဲ့သဘောပါပဲ၊ ကျနော်တို့အနေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့တွေ ရှိပါသေးတယ်၊ ကျနော်တို့ ဒီဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်အထိ လှုပ်ရှားမှုတွေဆက်သွားမှာပါ၊ ကျနော်တို့လျှောက်နေတယ်ဆိုတာက ဒီဖက်ကညှိနှိုင်းဆောင်ရွက်ရေးကိစ္စကိုလည်း သွားနေတယ်၊ တစ်ဖက်မှာလည်း တိုက်ပွဲပုံသဏ္ဍန်ကို သွားနေတယ်ဆိုတဲ့ သဘောမျိုးပါပဲ"

အဲဒီဆန္ဒပြကျောင်းသားတွေဟာ ဒီနေ့ ကျောက်ပံတောင်းမြို့မှာ ညအိပ်နားမှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းက ကျောင်းသားကျောင်းသူတွေနဲ့ တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်က အမျိုးသားပညာရေးဥပဒေကို မနက်ဖြန် စတင်ကန့်ကွက်ဆန္ဒပြကြမယ်လို့ သိရပါတယ်။

စစ်တွေမြို့မှာလည်း ကျောင်းသား ကျောင်းသူ ၇၀၀ လောက်က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ဒီနေ့ ဆန္ဒပြခဲ့ကြပြီး ထားဝယ်မြို့က ဆန္ဒပြကျောင်းသား ကျောင်းသူတွေကတော့ ဆန္ဒပြပွဲကို ဒီနေ့ ရပ်နားလိုက်ပါတယ်။

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ အစိုးရ၊ လွှတ်တော်၊ ကျောင်းသားတွေနဲ့ မြန်မာနိုင်ငံ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်တို့က အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ရှေ့လ ၁ ရက်နေ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီအတောအတွင်း ကျောင်းသားထုရဲ့တောင်းဆိုချက် ၁၁ ချက် မရမချင်း သပိတ်ရပ်နားမှာမဟုတ်ဘူးလို့ မန္တလေးကနေ ရန်ကုန်ကိုချီတက်နေကြတဲ့ ဒီမိုကရေစီပညာရေး သပိတ်မှာပါဝင်တဲ့ မန္တလေး ဗကသ အဖွဲ့က မအိသဉ္ဇာမောင်က ပြောပါတယ်။ မအိသဉ္ဇာမောင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ထားဝယ်နဲ့ ဧရာဝတီတိုင်းက ချီတက်လာမယ့် ကျောင်းသားတွေရဲ့ အစီအစဉ်တွေနဲ့ပတ်သက်လို့ RFA အဖွဲ့သူ မခက်မာရဲ့ စုစည်းတင်ပြချက်ကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။