မန္တလေးက ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ အစိုးရဝန်ထမ်းတွေပါဝင်
2019.12.10

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့အမှုကို သွားရောက် ရင်ဆိုင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ပွဲကို မန္တလေးမြို့ ချမ်းမြ သာစည်လေယာဉ်ကွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီထောက်ခံပွဲမှာ နိုင်ငံဝန်ထမ်းတွေနဲ့ ကျောင်းသူကျောင်းသားတွေလည်း ပါဝင်တာကိုတွေ့ရပါတယ်။
“ကိုယ့်ဌာနမှာတော့ ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်တဲ့သူတွေပေါ့၊ ဝန်ထမ်းတွေက ပါတီနီုင်ငံရေးကင်းရှင်းရမယ်ဆိုတဲ့ စည်းကမ်းထဲမှာကိုပါပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ တော်တော်လေးကို ဖြေလျော့လာပါတယ်။နိင်ငံသားတွေ အခွင့်အရေးတွေ ရလာတယ်လို့ ထင်ပါတယ်။”
ဆန္ဒပြပွဲမှာ ပါဝင်သူအများစုကတော့ တရားစွဲခံရတဲ့ကိစ္စဟာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တာကြောင့် ပူးပေါင်းပါဝင်တာလို့ ပြောကြပါတယ်။
“ဒါက နိုင်ငံရေးနဲ့မဆိုင်ပါဘူး၊ နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဦးဆောင်သွားတာဆိုတော့ အားလုံးနဲ့ဆိုင်ပါတယ်။ အဲဒါကြောင့်လာတာပါ။”
ဒီနေ့ဟာ အစိုးရရုံးဖွင့်ရက်ဖြစ်ပြီး ထောက်ခံပွဲကို လာရောက်တာကြောင့်လုပ်ငန်းတွေကို မထိခိုက်ကြောင်း ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်ကပြောပါတယ်။
ဘာလို့လဲဆိုတော့ တိုင်းပြည်နဲ့နိုင်ငံက အရေးကြီးနေတယ်။ အရေးကြီးတဲ့အချိန်လည်းဖြစ်လို့ အားလုံးက ပူးပေါင်းပါဝင်တာဖြစ်တယ်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဦးကျော်ဆန်းမြင့်က နောင်မှာလည်း ဝန်ထမ်းတွေကို အခုလိုတွေ ပါဝင်ခွင့်တွေပေးသင့်တယ်လို့ ပြောပါတယ်။
“နိုင်ငံ့ဝန်ထမ်းတွေပါလာတယ်။ တိုင်းပြည်ရဲ့အရေးကိစ္စဖြစ်တယ်။ ဝန်ထမ်းအားလုံးနဲ့လည်းဆိုင်တယ်။ နောင်အနာဂတ်မှာလည်း ဝန်ထမ်းတွေအခုလိုပါဝင်ဖို့ လိုအပ်ပါတယ်"
မန္တလေးမြို့မှာရှိတဲ့ မြို့နယ် ၂၈ မြို့နယ်က ဒေသခံတွေ၊ နိုင်ငံဝန်ထမ်းတွေ၊ အစုအဖွဲ့တွေ၊ သံဃာတော်တွေ၊ သီလရှင်တွေနဲ့ တိုင်းရင်းသားတွေလည်း လာရောက်ခဲ့ကြပြီး အင်အားသုံးသိန်းကျော်ပါဝင်ခဲ့ပါတယ်။
နိုင်ငံဝန်ထမ်းတွေဟာ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် အခုလိုဆန္ဒပြပွဲ အခမ်း အနားတွေမှာ ပါဝင်လေ့သိပ်မရှိကြပေမဲ့ ဒီကနေ့ပွဲမှာတော့ ဌာနအသီးသီးကဝန်ထမ်းတွေ တက်ရောက်ခဲ့ကြ တာကို တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဆန္ဒပြသူတွေရှိသလို မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြစ်ပေးအရေးယူဖို့ ICJ တရားရုံးမှာ တရားစွဲထားတာကို ထောက်ခံကြောင်း ပြည်တွင်း၊ ပြည်ပက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ကြေညာချက်ထုတ်ပြန်ထားတာတွေလည်းရှိနေပါတယ်။