ရဲတပ်သားဇနီးကို အခြားရဲဝန်ထမ်းတွေ ရိုက်နှက်မှု အမှုဖွင့်ခွင့်မရ


2018.01.26
mdy-police-couple-622.jpg ရဲတပ်သား သန်းဖြိုးအောင်နဲ့ဇနီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Khaymani Win/RFA

မန္တလေး အောင်မြေသာစံမြို့နယ်က အမှတ် ၄ နယ်မြေ ရဲတပ်ဖွဲ့ စခန်းဝင်းအတွင်းက ရဲဝန်ထမ်းလိုင်းခန်းမှာ နေထိုင်တဲ့ ရဲတပ်သားရဲ့ဇနီးကို တခြားတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တာနဲ့ ပတ်သက်ပြီး အမှုဖွင့်ခွင့် မပေးခဲ့တဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနတွေကို တိုင်ကြားသွားမယ်လို့ အရိုက်နှက်ခံရသူ မပွင့်ဖြုခိုင်ကပြောပါတယ်။

ရိုက်နှက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲဆိုချင်ကြောင်းနဲ့ တရားဥပဒေအတိုင်း မျှမျှတတ ဖြစ်စေချင်တယ်လို့ ဒီကနေ့ မန္တလေးမြို့က မီဒီယာစင်တာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မပွင့်ဖြူခိုင် က ပြောပါတယ်။

"အခုဖြစ်သွားတဲ့ ဖြစ်ရပ်ကို ကျမက ရာဇသတ်ကြီးပုဒ်မနဲ့ ဥပဒေအရ တရားရုံးမှာ တရားစွဲချင်တယ်၊ တရားစွဲတဲ့ အခါကျတော့လည်း မှန်မှန်ကန်ကန်ပဲဖြစ်စေချင်တယ်၊ တရားမျှတစေချင်တယ်၊ ကျမတို့ကို ရဲအုပ်နဲ့ ရဲဘော်ဖြစ် တယ်ဆိုပြီးတော့ ရဲဘော်ကို တိတ်တိတ်လေး တရားရုံးလည်းမရောက်၊ ဘယ်သူမှလည်းမသိ၊ ဘာမှကို မသိလိုက်ဘဲနဲ့ တိတ်တိတ်လေးဖြစ်ကြောင်းခံလိုက်ရတာမျိုးကို ကျမ မဖြစ်ချင်ဘူး"

ဇန်နဝါရီလ ၂၀ ရက်နေ့ညက ရဲဝန်ထမ်းတန်းလျားမှာနေထိုင်တဲ့ ရဲတပ်သားတစ်ဦး အရက်မှူးပြီး ဆူညံခဲ့တဲ့အတွက် မပွင့်ဖြူခိုင်က မဆူညံဖို့ပြောရာကနေ စကားများခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် သူ့ကို ရဲတပ်သားတစ်ယောက်၊ ရဲအုပ်တစ်ယောက်နဲ့ သူတို့ရဲ့ ဇနီးဖြစ်သူတွေကို ဝိုင်းဝန်းရိုက်နှက်ကြ တယ်လို့ ပြောပါတယ်။

အဲဒီလိုရိုက်နှက်ခံရတဲ့အတွက် အခုလ ၂၁ ရက်နေ့က စခန်းမှူးဖြစ်သူကို တိုင်ကြားပေမယ့် အမှုဖွင့်မပေးဘူးလို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမှတ် ၄ နယ်မြေ ရဲတပ်ဖွဲ့စခန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ အထက်ကို တင်ပြထားတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့ မပွင့်ဖြူခိုင်ရဲ့ ခင်ပွန်းဖြစ်တဲ့ ရဲတပ်သား သန်းဖြိုးအောင် ကို မြို့နယ်မှူးက ဒီကနေ့ ညနေပိုင်းမှာ လာရောက်ခေါ်ယူသွားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။