ဖမ်းဆီးခံထားရတဲ့ ရဲတပ်သားနဲ့ မိသားစု တေ့ွခွင့်မရသေး
2018.01.27

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်က အမှတ် ၄ နယ်မြေ ရဲတပ်ဖွဲ့စခန်းဝင်းအတွင်းမှာ ရဲတပ်သား တစ်ဦးရဲ့ဇနီးကို ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့ ရဲတပ်သားကို ဖမ်းဆီးထားဆဲဖြစ်ပြီး မိသားစုနဲ့ တေ့ွဆုံခွင့်မရသေးဘူးလို့ ရဲတပ်သားရဲ့ ဇနီးဖြစ်သူ မပွင့်ဖြူခိုင်က ဒီနေ့ ပြောပါ တယ်။
စုံခုံဖွဲ့ပြီး စစ်ဆေးဦးမှာဖြစ်တဲ့အတွက် တေ့ွဆုံခွင့်မပေးနိုင်သေးဘူးဆိုတာပဲ သိခဲ့ရတယ်လို့ ဖမ်းဆီးထိန်းသိမ်းခံထား ရတဲ့ ရဲတပ်သား သန်းဖြိုးအောင်ရဲ့ ဇနီးဖြစ်သူ မပွင့်ဖြူခိုင်က ပြောပါတယ်။
"ကျမအမျိုးသားနဲ့ သွားတွေ့တော့ တိုင်းမှူးနဲ့ ကျမ အမျိုးသားနဲ့ နှစ်ယောက်တည်းစကားပြောနေလို့တဲ့ ခဏစောင့်ပါဦးတဲ့၊ အကြာကြီးပဲ ၁ နာရီလောက်စောင့်ရတယ်၊ တိုင်းမှူးပြန်သွားတော့လည်း တွေ့ခွင့်မပေးနိုင်သေးဘူးတဲ့၊ အဲ့လိုမျိုးလူတစ်ယောက်ကို ဘာပြစ်မှုမှမရှိဘဲနဲ့ မိသားစုနဲ့ တွေ့ခွင့်မပေးပဲနဲ့ ချုပ်ထားလို့ရသလား၊ ကျမကို ခရိုင်မှူးကတော်ကလည်း ခေါ်တယ်၊ တိုင်းမှူးကတော်ကလည်းခေါ်တယ်၊ ကျမ သွားမတွေ့ဘူး၊ တွေ့လည်းမတွေ့ချင်တော့ဘူး၊ တရားမျှတအောင်လုပ်မပေးဘဲနဲ့ ကျေအေးလိုက်ဖို့ပဲပြောနေတဲ့ သူတို့ကို ကျမ သွားမတွေ့ချင်တော့ဘူး"
ဖြစ်စဉ်ကို ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့ တိုင်းဒေသကြီး ဒုတိယတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော်က ဒီနေ့ ပြောပါတယ်။
အခုလက်ရှိမှာတော့ ရဲတပ်သား သန်းဖြိုးအောင်ကို အမှတ် ၅ ရဲစခန်းမှာ ချုပ်နှောင်ထားတာဖြစ်ပါတယ်။
ရဲတပ်သား သန်းဖြိုးအောင်နဲ့ ဇနီးဖြစ်သူ မပွင့်ဖြူခိုင်တို့ နေထိုင်တဲ့ အမှတ် ၄ နယ်မြေ ရဲတပ်ဖွဲ့စခန်းဝင်းအတွင်းက ဝန်ထမ်းလိုင်းခန်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ညက ရဲတပ်သားတစ်ဦး အရက်မူးပြီး ဆူညံတာကို မပွင့်ဖြူခိုင်က မဆူညံဖို့ ပြောရာကနေ စကားများခဲ့ကြရာကနေ ဝိုင်းဝန်းရိုက်နှက် ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ဝိုင်းဝန်းရိုက်နှက်ခံရတာနဲ့ ပတ်သက်ပြီး အမှုဖွင့်ခွင့်မပေးခဲ့တဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနတွေထံ တိုင်ကြားသွားမယ်လို့ ရိုက်နှက်ခံရသူ မပွင့်ဖြူခိုင်က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ရိုက်နှက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရားစွဲဆိုချင်ကြောင်းနဲ့ တရားဥပဒေအတိုင်း မျှမျှတတ ဖြစ်စေချင်တယ်လို့ မပွင့်ဖြူခိုင်က မနေ့က ပြောခဲ့တာဖြစ်ပါတယ်။