လယ်ယာမြေ အကွက်ရိုက် ရောင်းချတာတွေကို အရေးယူနေတယ်လို့ လယ်ဆည် ဝန်ကြီး ပြော


2018.10.26
dr-soethan-622.JPG မန္တလေးတိုင်း အစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်း ကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: Khaymani Win/RFA

မန္တလေးတိုင်းအတွင်းက လယ်ယာမြေတွေကိုအကွက်ရိုက်ရောင်းချနေတာတွေနဲ့ ပတ်သက်ပြီး တရားစွဲမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်းက RFA ကို ဒီနေ့ ပြောပါတယ်။

အကွက်ရိုက်ရောင်းချမှု အများဆုံးနေရာကတော့ ပုသိမ်ကြီးမြို့နယ်ဖြစ်ကြောင်း၊ အကွက်ရိုက် ရောင်းချတဲ့သူတွေကို လယ်ယာမြေဥပဒေနဲ့ အရေးယူနေပြီး စက်တင်ဘာလက စတင်ကာ တရားစွဲဆိုနေကြောင်းလည်း သူက ပြောပါ တယ်။

လယ်ယာမြေမှာ အဆောက်အဦးဆောက်မယ်ဆိုရင် အဲဒီအဆောက်အဦးကိုဖျက်ကာ နိုင်ငံပိုင်သိမ်းတာဖြစ်ကြောင်း နဲ့ အဲဒီလို ဆောင်ရွက်ရာမှာ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ရတာဖြစ်လို့ အနည်းငယ်တော့ နှောင့်နှေးမှု ရှိကြောင်း၊ အသိပေး အကြောင်းကြားစာ သုံးကြိမ် ပေးပြီးမှ တရားစွဲဆိုရတာဖြစ်လို့ အချိန်ကြာမြင့်ချိန်မှာ မသိနား မလည်တဲ့သူတွေကို တဆင့်ပြန်ရောင်းချတာတွေရှိလို့ သတိထားဝယ်ယူသင့်ကြောင်း ဝန်ကြီးက ပြောပါတယ်။

လယ်ယာမြေတွေမှာ အကွက်ရိုက်ရောင်းမယ်ဆိုရင် ဥပဒေအရ ထောင်ဒဏ် ၆ လကနေ ၂ နှစ်ထိ ချမှတ်နိုင်ပြီး အခုလက်ရှိမှာတော့ လယ်ယာမြေဥပဒေနဲ့ အယောက် ၂၀ ခန့်ကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။