မြေယာပိုင်ဆိုင်ခွင့်ရဖို့ ငွေကြေးပေးနေရတာကို တိုင်ကြားဖို့ မန္တလေးတိုင်း ဝန်ကြီးချုပ် တိုက်တွန်း
2018.10.28

မြေယာ လုပ်ပိုင်ခွင့် ပုံစံ ၇ ရရှိဖို့အတွက် ငွေကြေးသိန်းနဲ့ချီပြီး ပေးနေရတာတွေရှိတယ်ဆိုတာ သိထားကြောင်းနဲ့ နစ်နာသူတွေအနေနဲ့ တိုင်ကြားဖို့လိုအပ်ကြောင်း မန္တလေးတိုင်းဝန် ကြီးချုပ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က မနေ့က ပြောလိုက်ပါတယ်။
ပြင်ဦးလွင်မြို့မှာ NLD ပါတီဝင်တွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံပွဲမှာ ဒေါက်တာ ဇော်မြင့်မောင်က ပြောခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ကိုယ်တိုင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားထားတဲ့ အမှုနှစ်မှုရှိကြောင်းနဲ့ သမ္မတကြီးကိုယ်တိုင်ကလည်း ဒီလိုကိစ္စတွေကို လက်သင့်မခံကြောင်း ပြောပါတယ်။
မန္တလေးတိုင်းအတွင်း လယ်ယာမြေအခြားအသုံးပြုခွင့်အတွက် တင်ပြထားတဲ့အမှု ၁၆၀၀ ကျော်ရှိပြီး အခုလက်ရှိမှာ ၅၀၀ လောက်ကိုတော့ စိစစ်ပြီချပေးထားတယ်လို့ ဆိုပါတယ်။
တိုင်းအတွင်းမှာ လယ်ယာမြေပြဿနာ အရှုပ်ထွေးဆုံးက ပြင်ဦးလွင်ခရိုင် ဖြစ်တယ်လို့လည်း သိရပါတယ်။