မန္တလေးနဲ့ မတ္တရာမြို့မှာ သွေးသောက်အဖွဲ့လည်ဆွဲနဲ့ အသတ်ခံရမှုတွေ ပြန်ဖြစ်လာ
2023.04.04
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ကြားရွာထိပ်မှာ ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦးရဲ့ အလောင်းကို သွေးသောက် အမည်ခံအဖွဲ့ရဲ့ လည်ဆွဲနဲ့အတူ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၂ ရက်နေ့မှာလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က ဦးပွားခုံးကျော် တံတားနားမှာ ဓားဒဏ်ရာတွေနဲ့ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးအလောင်းကို သွေးသောက်အဖွဲ့စာတန်းပါ လည်ဆွဲကတ်ပြားနဲ့အတူ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မတ္တရာမြို့မှာတွေ့ခဲ့တဲ့ အလောင်းက အသက် ၃၀ ဝန်းကျင်အရွယ် NLD ပါတီဝင် ကိုချမ်းငြိမ်းအောင်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတ္တရာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သေဆုံးသူက မန္တလေးမြောက်ဘက် ဆင်ရုပ်တွေထွက်တဲ့ ကျောက်ဆည်ကပါ။ သူက NLD အလုပ်အမှုဆောင် ကိုချမ်းငြိမ်းအောင်။ ကျနော်တို့ နယ်ကတော့ မဟုတ်ဘူး။ အိတ်နဲ့ထုပ်ပြီး လာပစ်သွားတာ”
လက်ပြန်ကြိုးတုပ်လျက် အလောင်းပေါ်မှာ အစွန်းရောက်တို့သွားရာလမ်း ဆိုတဲ့ စာသားပါ လည်ဆွဲကတ်ပြားကို တွေ့ခဲ့ရပြီး အဲဒီနေ့မှာပဲ မတ္တရာလူငယ်ပရဟိတအဖွဲ့က အလောင်း လာသယ်သွားတယ်လို့ ဆိုပါတယ်။
ဒါဟာ စစ်ကောင်စီကိုထောက်ခံတဲ့ သွေးသောက်အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ မတ္တရာမြို့ခံ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
မတ်လ ၂၂ ရက်ကလည်း မတ္တရာမြို့နယ် ကျောက်တံတားရွာထိပ်မှာ ဦးခေါင်းသေနတ် ဒဏ်ရာနဲ့ စွန့်ပစ်ထားတဲ့ အမျိုးသားတစ်ဦးရဲ့ အလောင်းကို တွေ့ခဲ့ရသလို တံတားဖြူရွာ နားမှာလည်း စွန့်ပစ်ထားတဲ့ အမျိုးသားနှစ်ဦးရဲ့ အလောင်းတွေ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ပေါ်ထွက်လာတဲ့ သွေးသောက်အဖွဲ့ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေ၊ NLD ပါတီဝင်တွေနဲ့ ပါတီကိုထောက်ခံသူတွေကို ဖမ်းဆီးသတ်ဖြတ်နေသလို အလောင်းတွေမှာလည်း သူတို့ရဲ့ အမှတ်တံဆိပ်နဲ့ ခြိမ်းခြောက်စာပါ လည်ဆွဲကတ်ပြားတွေကို ချိတ်ဆွဲခဲ့လေ့ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။