တိုင်းအစိုးရအဖွဲ့ကို ညောင်နီတောင်သူတွေက တရားစွဲဆိုမည်


2017.10.23
mandalay-farmers-protest-622 မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ညောင်နီကျေးရွာက မြေယာတွေကို တိုင်းအစိုးရက ဖယ်ရှားခဲ့တဲ့အတွက် ပြင်ဦးလွင်မြို့မှာ အောက်တိုဘာလ ၂၃ ရက်နေ့က ဆန္ဒဖော်ထုတ်စဉ်
Photo: Hset Paing toe/RFA

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ညောင်နီကျေးရွာက မြေယာ ၁၈ ဧကမှာရှိတဲ့ နေအိမ်တချို့နဲ့ စိုက်ခင်းတွေကို သစ်တောပိုင်မြေဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းက တိုင်းအစိုးရက ဖယ်ရှားခဲ့တဲ့အတွက် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတွေကို တရားစွဲဆိုသွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ဦးတိုက်ပြီး တရားစွဲဆိုမယ်လို့ စိုက်ခင်းဖယ်ရှားခံရတဲ့ ဒေသခံတစ်ဦးဖြစ်သူ ဦးထွန်းအောင်လင်းက ပြောပါတယ်။

"တရားစွဲဆိုသွားပါမယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ဦးတိုက်ပြီး စာချွန်လွှာလျှောက်ထားပါမယ်။ အခုလာပြီး အဓမ္မအကြမ်းဖက်ပြီး မြေတွေကိုဝင်ပြီး ဥပဒေမဲ့ သိမ်းပိုက်တဲ့ မန္တလေးတိုင်းဒေသကြီး မြေနေရာချထားရေးကော်မတီ ဥက္ကဌ ဒေါက်တာခင်မောင်ဌေး၊ ပြင်ဦးလွင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှမျိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်း၊ သစ်တောက ခရိုင်သစ်တော၊ မြို့နယ်သစ်တော ဦးစီးမှူးတွေ၊ ပြင်ဦးလွင်မြို့နယ် မြေစာရင်းဦးစီးမှူး အဲဒီလူတွေကို တရားစွဲဆိုသွားမှာဖြစ်ပါတယ်"

ဖယ်ရှားခံထားရတဲ့မြေယာ ၁၈ ဧကမှာ တရားဝင် ပုံစံ ၁၀၅၊ ၁၀၇၊ မြေစလစ်တွေ၊ အခွန်ပြေစာတွေနဲ့ သစ်တောမြေအဖြစ် ကင်းရှင်းကြောင်းထောက်ခံစာတွေရှိပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

မန္တလေးတိုင်း လယ်ယာမြေအငြင်းပွားမှု ညှိနှိုင်းဖြေရှင်းရေး ကော်မတီဥက္ကဌ ဒေါက်တာ ခင်မောင်ဌေး က အဲဒီမြေတွေဟာ သစ်တောမြေမှာပါဝင်တယ်ဆိုတာကို ၃ ကြိမ်တိုင်းတာပြီးနောက် အစိုးရအဖွဲ့ ညွန်ကြားချက်နဲ့ ဖယ်ရှားဖို့ဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။

"ကျနော်တို့ သဘောနဲ့ သစ်တောမြေလို့ ဆုံးဖြတ်တာမဟုတ်ဘူး။ သက်ဆိုင်ရာဌာနက အဆင့်ဆင့်စစ်ဆေးပြီးမှ ဆုံးဖြတ်ထားတာ၊ အဲဒီဆုံးဖြတ်ချက်သည် တခါတည်းတင် မဟုတ်ဘူး ၃ ခါတိုင်းပြီးမှ ဆုံးဖြတ်တာပါ"

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကစတင်ပြီး ရဲအင်အား ၁၀၀ ကျော်နဲ့ မြေကော်စက်တွေ အသုံးပြုပြီး စိုက်ခင်းနဲ့ အိမ်ယာတွေကို ဖယ်ရှားနေတာဖြစ်ပါတယ်။

သစ်တောမြေအတွင်း ဝင်ရောက်စိုက်ပျိုးတယ်ဆိုပြီး အဲဒီမြေယာမှာလုပ်ကိုင်နေတဲ့ ဒေသခံ ၃ ဦးကို သစ်တော ဦးစီးဌာနက ပုဒ်မ ၄၀ (က) နဲ့ ပြင်ဦးလွင်မြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတဲ့အမှုကို ရင်ဆိုင်နေရဆဲဖြစ် တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။