တရားရုံးက အမိန့်မချမှတ်ခင် စစ်တပ်က ဝင်ရောက်ဖျက်ဆီး


2014.08.25
nyungni-removal-622 ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ ညောင်နီကျေးရွာမှာရှိတဲ့ နေအိမ်တွေကိုဖယ်ရှားပြီး စစ်တပ်က သံဆူးကြိုးကာနေစဉ်
Photo: Hset Paing toe/RFA

မေမြို့ခေါ် ပြင်ဦးလွင်မြို့ ညောင်နီကျေးရွာက တောင်သူလယ်သမား ၂၈ ဦးကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုဖို့အမှု ပြင်ဆင်ဆဲကာလ တရားရုံးက အမိန့်တစုံတရာမချမှတ်ခင်မှာ တောင်သူတွေရဲ့ စိုက်ခင်းတွေကို ပြီးခဲ့တဲ့ အင်္ဂါနေ့ကစပြီး စစ်တပ်က ဝင်ရောက်ဖျက်ဆီးနေတယ်လို့ တောင်သူတွေရဲ့ ရှေ့နေက ပြောကြား လိုက်ပါတယ်။

ဒါဟာ ဥပဒေဘောင်က ကျော်လွန်ပြီး လုပ်ကိုင်နေတာလို့ ဒီအမှုကိုလိုက်ပါဆောင်ရွက်ဖို့ စီစဉ်နေတဲ့ အထက်မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်အဖွဲ့ဝင် ဒေါ်ရွက်နုအောင်က ပြောပါတယ်။

"ရဲကလည်း စုံစမ်းစစ်ဆေးနေတဲ့ အတောအတွင်းမှာ တပ်မတော်သားတွေကဝင်တယ်၊ နောက်တောင်သူတွေ စိုက်ထားတဲ့ ဝင်းထရံတွေ တိုင်တွေကိုဖျက်ပြီးတော့ လှဲပစ်တယ်၊ အပင်တွေဝင်ပြီးတော့မှ စက်တွေနဲ့ကြိတ်တယ်၊ ခွင့်ပြုချက်မရဘဲ တောင်သူတွေစိုက်ထားတဲ့ ဝင်းတွေအပြင်ဘက်ကနေ ပြန်ပြီးတော့ ဝင်းတွေလိုက် ခတ်တယ်၊ တောက်လျှောက်လုပ်နေပါတယ်ရှင့်၊ တရားစွဲဖို့လုပ်ထားတဲ့အခါမှာတော့ ရုံးတော်ရဲ့အမိန့်ကိုတော့ ဘယ်လိုပဲဖြစ်ဖြစ် လိုက်နာနာခံရမှာကတော့ ကျမတို့တိုင်းပြည်မှာရှိတဲ့ ဥပဒေနဲ့အညီလုပ်တဲ့လုပ်ရပ်ပါရှင့်၊ ဒီအတောအတွင်းမှာကို တကယ့်ကို ဥပဒေမဲ့လုပ်ရပ်တွေဖြစ်နေတယ်၊ ကျမတို့က ဒါကြောင့်မို့ ဒါဟာ မလုပ်သင့်ဘူး၊ လုပ်လို့လည်းမရဘူးဆိုတာကို သူတို့ကိုရှင်းပြတယ်"

အဲဒီလိုလုပ်ရပ်တွေကြောင့် ပဋိပက္ခအသွင်ဆောင်တဲ့ဖြစ်ရပ်တွေ ပေါ်ပေါက်နေရတာလို့ လည်း ရှေ့နေ ဒေါ်ရွက်နုအောင်က သုံးသပ်ပါတယ်။

"ပြဿနာတွေ ခဏခဏဖြစ်တယ်၊ တောင်သူတွေနဲ့ ဖြစ်ကြတယ်ဆိုတာ အဲဒါတွေပဲ၊ တရားလိုလုပ်တဲ့ စစ်တပ်၊ ရဲ၊ ခရိုနီ ဘယ်သူမှာမှ ဥပဒေကိုမလိုက်နာဘူး၊ တရားရုံးမှာလည်း တရားစွဲထားမှန်း သိသိကြီးနဲ့ သူတို့က အတင်းအဓမ္မဝင်ပြီးတော့ ဒီလိုတွေလုပ်တဲ့အခါကျတော့ မခံမရပ်နိုင်ဖြစ်တဲ့ တောင်သူတွေက တားဆီးရင်းနဲ့ ပဋိပက္ခတွေကဖြစ်တာပါ၊ ဒါကြောင့် စစ်တပ်က တပ်မတော်သားတွေနဲ့ တွေ့တဲ့အခါ ပဋိပက္ခတွေကို မဖြစ်စေချင်ဘူးဆိုတဲ့အကြောင်းကိုလည်း ကျမတို့ပြောပြီးတော့ တားမြစ်ခဲ့ပါတယ်"

၂၀၁၃ ခုနှစ် လယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ လယ်ယာမြေရှိတဲ့သူတွေဟာ အစိုးရဆီက  အခွန် ငါးနှစ်လွတ်ကင်းခွင့်နဲ့ အတိုးနည်းချေးငွေ ရနိုင်ရပါတယ်။
ဒါပေမဲ့ တောင်သူလယ်သမားတွေ မြေမဲ့ယာမဲ့ဖြစ်ပြီး ဒီမြေယာတွေ လက်ဝယ်ရရှိသူတွေဟာ ဒီအခွင့်အရေးတွေ ခံစားနိုင်မယ်လို့ အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။ ၂၀၁၂ လယ်ယာမြေဥပဒေအရ မြေယာလက်ရှိဖြစ်တဲ့သူက ပိုင်ရှင်ဖြစ်တယ်လို့လည်း တဆက်တည်း ပြောကြားပါတယ်။

အထက်မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က ဒေါ်ရွက်နုအောင်ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။