မန္တလေးတိုင်းက တောင်သူတွေ အရေး ဖြေရှင်းပေးဖို့ တောင်းဆို
2018.01.30

မန္တလေးတိုင်းဒေသကြီးအတွင်းက လယ်ယာမြေပြဿနာတွေနဲ့ တရားရင်ဆိုင်နေရတဲ့ တောင်သူတွေအရေး ကို ဖြေရှင်းပေးနိုင်ဖို့အတွက် တိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရဖို့ တောင်သူ ၅၀ လောက်က ဒီနေ့ မန္တလေးတိုင်း အစိုးရအဖွဲ့ရုံးရှေ့မှာ တောင်းဆိုခဲ့ကြပါတယ်။
ဝန်ကြီးချုပ်နဲ့ တေ့ွခွင့်ရရင် အကျဉ်းကျနေတဲ့ တောင်သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုသွားမယ် လို့ ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာက တောင်သူ ဒေါ်မြင့်မြင့်ဝင်း က ပြောပါတယ်။
"ဖမ်းဆီးထားတဲ့ တောင်သူလေးတွေကိုလည်း အမြန်လွတ်စေချင်တယ်။ ကျမတို့ တောင်သူလေးတွေရဲ့ မိသားစုတွေလည်း လုပ်စားစရာလည်း အခက်အခဲတွေဖြစ်နေတယ်ပေါ့နော်။ ထောင်ဝင်စာလည်း လာတွေ့ရ၊ အချုပ်သွားဖို့ လာတွေ့ရ။ ပြင်ဦးလွင်သွားမယ် ရုံးချိန်းဆိုလည်း နောက်မှာ စားစရာ သောက်စရာတောင် လုံးဝမရှိတော့ဘူး။ ရုံးသွားမယ်ဆို ကားခတောင်မရှိတဲ့ဟာတွေဆိုတော့ မိသားစုလေးတွေ သွားရတာ အခက်အခဲလည်းရှိတယ်။ ကျမတို့ရဲ့ တောင်သူလေးတွေကို အမြန်ဆုံး လွှတ်ပေးပါ။ သနားငဲ့ညှာပါလို့ ကျမတို့က တကယ် ဝန်ကြီးချုပ်နဲ့တွေ့ရင် အဲလိုတောင်းဆိုမှာပါရှင့်"
ဝန်ကြီးချုပ်နဲ့ တေ့ွဆုံခွင့်ရဖို့ တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ တောင်းဆိုကြတဲ့ တောင်သူတွေကို မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်က လက်ခံတွေ့ဆုံခဲ့ပြီး ဝန်ကြီးချုပ်နဲ့တွေ့မယ့် တောင်သူစာရင်းကို အစိုးရအဖွဲ့ ထံပေးပို့ဖို့နဲ့ တေ့ွခွင့်ရမယ့်ရက်ကို အကြောင်းပြန်ပေးမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ တောင်သူတွေ တွေ့ဆုံခွင့်ရဖို့အတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း တောင်သူလယ်သမားသမဂ္ဂအဖွဲ့ ၂၀ ခန့်က စာတင်ပြီး တောင်းဆိုခဲ့ပေမယ့် တွေ့ခွင့် မရခဲ့တာကြောင့် တောင်သူတွေက အခုတစ်ကြိမ် ထပ်မံ တောင်းဆိုတာဖြစ်ပါတယ်။
အစိုးရသစ်လက်ထက်မှာ လယ်ယာမြေအငြင်းပွားမှုကြောင့် အမှုရင်ဆိုင်နေရတဲ့ တောင်သူ ၂၀၀ ကျော် ရှိပြီး ပြစ်ဒဏ်ချမှတ်ခံရသူ ၃၀ ခန့် ရှိတယ်လို့ လယ်သမားအရေးဆောင်ရွက်နေသူတွေ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။