မန္တလေးက ကျူးကျော်တဲတွေကို ဖယ်ရှားမည်
2017.01.27

မန္တလေးမြို့၊ ကမ်းနားလမ်းတစ်လျှောက်က ကျူးကျော်တဲ အလုံး ၈၀၀ ကျော်ကို အခုလ ၂၉ ရက်နေ့အပြီး ရှင်းလင်းသွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနတာဝန်ရှိသူကပြောပါတယ်။
အဲဒီလို ရှင်းလင်းမယ့်အကြောင်းကို ကျူးကျော်နေထိုင်သူတွေဆီကို အကြောင်းကြားစာပေးပို့ပြီးနောက် အခုလ ၂၅ ရက်နေ့က စတင်ရှင်းလင်းနေတာဖြစ်ပြီး မနေ့က ဇန်နဝါရီ ၂၆ ရက်နေ့ အထိ ကျူးကျော်တဲနဲ့ ကျူးကျော်ဆိုင်ပေါင်း ၆၀၀ ကျော် ရှင်းလင်းပြီးသွားပြီလို့ မန္တလေးမြို့စည်ပင်သာယာရေးကော်မတီရဲ့ အခွန်ဌာနက ဌာနမှူး ဦးဝင်းမောင် ကပြောပါတယ်။
"လမ်းပေါ်ကျူးတဲ့အဖွဲ့တွေကို သူ့မြို့နယ်အလိုက် ကျူးရှင်းလင်းအဖွဲ့တွေက ရှင်းတာပါပဲ၊ တစ်ခုပဲ ကမ်းနားလမ်းက ၅ မြို့နယ်ကို ဖြတ်နေတဲ့အခါကြတော့ သူက တစ်မြို့နယ်က မရှင်း တစ်မြို့နယ်က ရှင်း ဒီလိုလုပ်လို့မရတော့ အဲ့ဒါကြောင့်ရက်ကို ချိန်းပြီးတော့ စုပြီးတော့ ရှင်းလိုက်တဲ့သဘောပါပဲ။ ကျူးတွေက အများကြီး ၈၀၀ ကျော်လောက်ရှိတယ်။ အဆောက်အဦးတွေက မနေ့ကထိတော့ ၆၀၀ကျော်ပြီးသွား ပါပြီ"
မန္တလေးမြို့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ အမရပူရမြို့နယ်တွေရဲ့ ဧရိယာထဲမှာပါနေတဲ့ ကမ်းနားလမ်းက ကျူးကျော်တဲတွေကို ရှင်းလင်းနေတာဖြစ်ပါတယ်။
ကျူးကျော်တွေကို ရှင်းလင်းပြီးတဲ့နေရာတွေမှာ ထပ်မံကျူးကျော်တာမျိုးတွေမရှိအောင် မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ ရှင်းလင်းရေးအဖွဲ့တွေနဲ့ နှစ်ရက်တစ်ကြိမ် ပြန်စစ်ဆေးပြီး ရှင်းလင်းတာမျိုးတွေ ဆောင်ရွက်သွားမယ်လို့ အခွန်ဌာနမှူးကပြောပါတယ်။
ကမ်းနားလမ်းတလျှောက် ကျူးကျော်ရှင်းလင်းရေးလုပ်ငန်းကို စည်ပင်သာယာရေးကော်မတီ အခွန်ဌာနက ဦးဆောင်ပြီး စည်ပင်ရဲ၊ လမ်းတံတားဌာန၊ အဆောက်အအုံကုန်ရုံဌာနစတဲ့ စည်ပင်မှာရှိတဲ့ ဌာနပေါင်းစုံနဲ့ ရှင်းလင်းဆောင်ရွက်နေတာဖြစ်ပါတယ်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ကမ်းနားလမ်းတလျှောက်မှာ ကျူးကျော်နေထိုင်သူတွေအတွက် ကမ်းနားလမ်းအနီးမှာ အငှားအိမ်ယာတွေ စီစဉ်ပေးထားပေးမယ့်လည်း ကမ်းနားလမ်းတလျှောက်မှာတော့ ကျူးကျော်နေထိုင်သူတွေက ဆက်လက်ရှိနေတာဖြစ်ပါတယ်။