ကလေးလုပ်သား ထက်ဝက်ကျော် အန္တရာယ်ရှိလုပ်ငန်းခွင် ထဲရောက်နေ


2017.05.01
mayday-620.jpg ရန်ကုန်မြို့ MCC ခန်းမမှာ ကျင်းပတဲ့ ၁၂၇ ကြိမ်မြောက် အလုပ်သမားနေ့ အခမ်းအနား ကို မေလ ၁ ရက်နေ့တွင် ကျင်းပစဉ်
photo: Aung Thain Kha

မြန်မာနိုင်ငံမှာရှိတဲ့ ကလေးလုပ်သား ထက်ဝက်လောက်ဟာ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေထဲ ရောက်နေ တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ MCC ခန်းမမှာ ကျင်းပတဲ့ ၁၂၇ ကြိမ်မြောက် အလုပ်သမားနေ့ အခမ်းအနားအပြီးမှာ ကလေး လုပ်သား ကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက မီဒီယာတွေကို အဲဒီလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

ကလေးလုပ်သား ပပျောက်ရေးအတွက် အစီအစဉ်တွေ ရေးဆွဲနေပြီး ဝန်ကြီးဌာနပေါင်းစုံ ပူးပေါင်း ဆောင်ရွက်နေ တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

"ကလေးလုပ်သား တဝက်ကျော်လောက်က အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာရှိနေတယ်၊ ဒါကလည်း ချက်ချင်းရပ်လို့ အမိန့်ပေးလို့ မရဘူး၊ မြို့နယ်တွေမှာ စာရင်းကောက်တာတွေလုပ်နေတယ်၊ ဒီကလေးလုပ်သားတွေကို ပညာ သင်ပေး ဖို့လုပ်နေတယ်၊ ပြီးတော့မှ ကလေးလုပ်သားတွေနဲ့ ပတ်သက်ပြီးတော့ လုပ်ငန်းခွင်မှာ အန္တရာယ်ရှိ တာတွေကို လိုက်လံစစ်ဆေးနေတယ်၊ တိုင်ကြားမှုတွေရှိရင်လည်း ကလေးလုပ်သားတွေအတွက် လုံခြုံ စိတ်ချအောင် ဆောင်ရွက်ပေးနေပါတယ်"

ဒီကနေ့ အခမ်းအနားကို ပေးပို့တဲ့ နိုင်ငံတော် သမ္မတရဲ့ သဝဏ်လွှာမှာလည်း အစိုးရအနေနဲ့ ကလေးလုပ်သား ပပျောက်ရေးအတွက် ၄ နှစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ပါရှိပါတယ်။

အလုပ်ရှင် အလုပ်သမား ပြဿနာတွေကိုလည်း ဥပဒေအတိုင်း ဆောင်ရွက်နေကြောင်းနဲ့ အလုပ်သမား အဖွဲ့ အစည်းတွေဟာလည်း နိုင်ငံရေး အမြတ်ထုတ်ဖို့ ဖွဲ့စည်းတာ မဟုတ်ကြောင်း သတိပြုဖို့လိုအပ်တယ်လို့ သမ္မတရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။

ဒါ့အပြင် အနည်းဆုံး လုပ်ခလစာကို ၃၆၀၀ ထက် ပိုပြီး တိုးမြှင့်သတ်မှတ်နိုင်ဖို့အတွက် အမြန်ဆုံး ဆောင်ရွက်သွား မယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

ဒီကနေ့ အခမ်းအနားကို အလုပ်သမား ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။