မော်လူးမြို့က တိုက်နယ်ရဲစခန်း သိမ်းပိုက်ခံရပြီး ဒေသခံတစ်သောင်းခန့် ထွက်ပြေးနေရ
2023.12.13

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မော်လူးမြို့က တိုက်နယ်ရဲစခန်းတစ်ခုကို ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ကျောင်းသားတပ်မတော် (ABSDF) ပူးပေါင်းအဖွဲ့တွေ ဒီဇင်ဘာ ၁၃ ရက် ဒီနေ့ မနက်အစော ၂ နာရီမှာ ဝင်ရောက် တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
စစ်ကိုင်းနဲ့ ကချင်အစပ် မော်လူးမြို့မှာ အင်အားသုံးဆယ်ဝန်းကျင်ရှိတဲ့ တိုက်နယ် ရဲစခန်းတစ်ခုသာရှိပြီး ဒီနေ့မနက် ၇ နာရီလောက်မှာတော့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သလို မြို့တစ်ခုလုံးကိုပါ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆိုင်စောင့်ကျန်နေတဲ့ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပြီး မော်လူးမြို့ခံ တစ်သောင်းဝန်းကျင်လည်း ဒီနေ့မနက် ၅ နာရီကတည်းက ထွက်ပြေးနေရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးသူတွေရှိသလို စစ်သုံ့ပန်းအဖြစ် ဖမ်းမိတာတွေလည်းရှိတယ်လို့ အင်းတော် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အခု သုံ့ပန်းအနေနဲ့ ဖမ်းမိတာက ခြောက်ယောက်ပေါ့။ အလောင်းကောက်ရတာက ခြောက်ယောက်။ နောက်ထပ် ထွက်ပြေးသွားတဲ့သူတွေလည်း ရှိတယ်။ သူတို့ကို လိုက်ရှာနေကြတယ်။ စခန်းထဲမှာလည်း ရှင်းလင်းမှုတွေ လုပ်နေတယ်။ စခန်းသိမ်းပြီး တော့ ၇ နာရီကျော်လောက်မှာ ဂျက်ဖိုက်တာတစ်စင်းနဲ့ ဗုံးလာကြဲတယ်။ စက်သေနတ်နဲ့ ရမ်းပစ်သွားတယ်”
စစ်ကောင်စီတပ်သားတွေ သေဆုံး၊ ဖမ်းမိတယ်ဆိုတဲ့ အရေအတွက်အပေါ် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကိုင်းတိုင်းအတွင်းမှာ မော်လူးမြို့အပါဝင် ခါမ်းပါတ်၊ ကောလင်းနဲ့ ရွှေပြည်အေးမြို့တို့ကို လက်ရှိ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။