ဒုနယ်စပ်ရေးရာ ဝန်ကြီးဟောင်းကို ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ခန့်အပ်


2014.06.21
maungmaungohn-pm-305 ရခိုင်ပြည်နယ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်မောင်မောင်အုန်းပုံ
Photo: Min Thein Aung/RFA

နယ်စပ်ရေးရာ ဒုတိယဝန်ကြီးအဖြစ်ကနေ မူလတပ် တာဝန်တွေကို ပြန်လည်ထမ်းဆောင်စေခဲ့တဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် လွှတ်တော် အတွက် တပ်မတော်ကိုယ်စားလှယ်အဖြစ် အစားထိုးပြောင်းလဲကြောင်း ရွေးကောက်ပွဲကော်မရှင် က ဒီကနေ့ ကြေညာပါတယ်။

ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး လွှတ်တော်တွေအတွက် တပ်မတော်သား ကိုယ်စားလှယ် ခြောက်ဦးကို ပြောင်း လဲခန့်အပ်လိုကြောင်း ကာကွယ်ရေးဦးစီးချုပ်က တင်ပြခဲ့တဲ့ အတွက် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ဇွန်လ ၂၀ ရက်စွဲနဲ့ အစားထိုး ခန့်အပ်ခဲ့ကြောင်း ဒီကနေ့ အစိုးရသတင်းမီဒီယာတွေ ကနေ ကြေညာလိုက်တာဖြစ်ပါတယ်။

အခုလို အစားထိုးခန့်အပ်တဲ့ တပ်မတော်အရာရှိ ၆ ဦးမှာ ဗိုလ်ချုပ်မောင်မောင်အုန်းဟာ အသက်အရွယ်နဲ့ ရာထူးအမြင့်ဆုံး စစ်ဖက်အရာရှိဖြစ်ပြီး ကျန် ၅ ဦးက ဗိုလ်ကြီးအဆင့်သာရှိကြပါတယ်။

ဇွန်လ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ကို ဆန္ဒအလျှောက် ရာထူးကနှုတ်ထွက်ခွင့်ပြုကြောင်း သမ္မတရုံးက ကြေငြာခဲ့အပြီး ဝန်ကြီးချုပ်ရာထူးနေရာအတွက် သမ္မတကခန့်အပ်နိုင်ဖို့ ဗိုလ်ချုပ်မောင်မောင်အုန်း ကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် အခုလို ပြောင်းလဲတာဝန်ပေးတာဖြစ်တယ်လို့ ဒီကနေ့ ပြည်တွင်း ထုတ် သတင်းမီဒီယာတွေမှာ ရေးသားနေကြပါတယ်။

လက်ရှိအစိုးရလက်ထက် တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ပထမဆုံးခန့်အပ်ခံခဲ့တဲ့ သာဓကရှိခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းဟာ ဝန်ကြီးချုပ်မခန့်အပ်မီ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ပြောင်းလဲ ခန့်ထားခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။