နိုင်ငံသားမဟုတ်သူ မဲပေးခွင့် လူထုဆန္ဒအတိုင်းကြိုးပမ်းဖို့ ရခိုင်ဝန်ကြီးချုပ် ကတိပြု
2015.02.10

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေ ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ပြုလိုက်တဲ့ အပေါ် ရခိုင်ပြည်နယ်မှာ ကန့်ကွက်နေကြတာနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ ဆန္ဒအတိုင်းဖြစ်အောင် ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်း တင်ပြပေးသွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဒီနေ့ ကတိပြုပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ သတင်းထောက်တွေ နဲ့ တွေ့ဆုံရာမှာ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက လူထုကိုမထိခိုက်စေဘဲ ဖြေရှင်းဆောင်ရွက်ပေး သွားမှာဖြစ်တယ်လို့ ပြောတာဖြစ်ပါတယ်။
"ကိုယ်တို့ကတော့ အတတ်နိုင်ဆုံး အခုဖြစ်နေတဲ့ ကိစ္စတွေအားလုံးပေ့ါ၊ လူထုကိုထိခိုက်စေနိုင် တဲ့ ပြဿနာကို ဖြေရှင်းနိုင်အောင် စီမံဆောင်ရွက်သွား မယ်၊၊ ပြည်သူ့ဆန္ဒအမှန်သည် ယနေ့ ရခိုင်တိုင်းရင်း သားများ ဝှိုက်ကတ်ကို ဆန့်ကျင်တဲ့ဟာကတော့ မှားတာမှန်တာကိုမပြောဘူး၊ ပြည်သူ့ဆန္ဒအမှန်ကတော့ ဒါဆန့်ကျင်တာဖြစ်တယ်၊ ဒါကိုလက်ခံတယ်၊ ကိုယ်က ယနေ့ကိုယ့်ပြည်သူအတွက် ကိုယ့်ရခိုင်ပြည်နယ်အတွက် အပေါ်ကိုတင်ပြပြောဆိုစရာရှိရင်လည်း ကိုယ် ကဘောင်အတွင်းက ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဒီလိုပဲပြောလိုပါတယ်"
ဝှိုက်ကဒ်လို့ခေါ်တဲ့ အဖြူရောင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ပြုဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒီကိစ္စအပေါ် ရခိုင်တိုင်းရင်းသားတွေက ပြည်နယ်တစ်ခုလုံး အတိုင်းအတာနဲ့ လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြကြမှာလည်းဖြစ်ပါတယ်။
အခုလို ဝိုက်ကဒ်လို့ ခေါ်တဲ့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတွေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ပြုလိုက်တာဟာ ရခိုင်ပြည်နယ်အစိုးရနဲ့ ဒေသခံရခိုင်လူထုအကြား အပြန်အလှန်ယုံကြည်မှုအပေါ် ရိုက်ခတ်မှုရှိတယ်လို့ ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးဆပ်ကော်မတီရဲ့ဥက္ကဌ ဦးလှသိန်း က ပြောပါတယ်၊
ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးဆပ်ကော်မတီရဲ့ ဥက္ကဌလည်းဖြစ် ရခိုင်ပြည်နယ် ဥပဒေချုပ်တစ်ဦးလည်း ဖြစ်တဲ့ ဦးလှသိန်းကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။