မတူပီမြို့ကို ချင်းညီနောင် မဟာမိတ်အဖွဲ့တွေ သိမ်းယူ
2024.06.29

ချင်းပြည်နယ် မတူပီမြို့ကို ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ချင်းညီနောင်နဲ့ မဟာမိတ်အဖွဲ့တွေက သတင်းထုတ်ပြန်လိုက်ပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ မတူပီစစ်ဗျူဟာစခန်းနဲ့ အမှတ် (၁၄၀) ခြေလျင်တပ်ရင်းတွေကို ဇွန် ၂၉ ရက်မနက်မှာ အပြီးသတ်သိမ်းနိုင်ခဲ့တာလို့ ချင်းညီနောင်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီနေ့မနက် ၇ နာရီ ၄၀ မိနစ်က စခန်းကို အပြီးသိမ်းတာပါ၊ လေကြောင်းက နေ့လယ် တစ်နာရီလောက်က တစ်ကြိမ်လာတယ်၊ ပြီးမှ မလာတော့ဘူးဗျ၊ ကင်းထောက်ပဲ လာပါတယ်၊ စကစ အများစု သေသွားပါတယ်"
မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့တွေနဲ့အတူ ရက္ခိုင့်တပ်တော် (AA )၊ ယောတပ်မတော် (Yaw Army)နဲ့ ယောကာကွယ်ရေးတပ် (YDF)တို့ ပူးပေါင်းပါဝင်ပြီး ဇွန်လ ၉ ရက်နေ့က ထိုးစစ် စတင်တိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီရဲ့ ခမရ (၃၀၄) တပ်ရင်းကို ဇွန်လ ၁၇ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့သလို ချင်းပြည်နယ်တောင်ပိုင်းမှာ အကြီးဆုံးဖြစ်တဲ့ မတူပီအခြေစိုက် အခြေချစစ်ဗျူဟာနဲ့ ခလရ (၁၄၀) တပ်ရင်းတွေကိုတော့ ဇွန်လ ၂၉ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တာပါ။ လတ်တလော နယ်မြေရှင်းလင်းရေး ပြီးစီးသွားပြီလို့လည်း ဆိုပါတယ်။
မတူပီမြို့နယ်မှာ မတူပီ၊ ရေဇွာ၊ လိုင်လင်းပီ စတဲ့မြို့ သုံးမြို့ရှိပြီး လိုင်လင်းပီနဲ့ ရေဇွာမြို့တွေကို ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်တဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်လောက်မှာ သိမ်းပိုက်ခဲ့ပါတယ်။
မတူပီမြို့သိမ်းစစ်ဆင်ရေးအတွင်း ချင်းညီနောင်မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်တဲ့ ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေအကြား နှစ်ဖက်ပစ်ခတ်မှုတွေရှိခဲ့ပြီး ဒီလိုပစ်ခတ်မှုတွေကြောင့် မြို့သိမ်းတိုက်ပွဲနှောင့်နှေးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်ကောင်စီတာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
မတူပီမြို့သိမ်းခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။
ချင်းပြည်နယ်အတွင်း မြို့နယ်တွေမှာ ကျန်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့အတွက် မဟာမိတ်တွေနဲ့အတူ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့လည်း ချင်းညီနောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။