လယ်မြေပြဿနာ မရှင်းပေးလို့ ဆက်ပြီး ထွန်ယက်စိုက်ပျိုးမည်


2014.03.16
farmer_buffalos_305_z လယ်သမားတဦး ကွဲျတရှဉ်းဖြင့် လယ်ထွန်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ကျောက်စရစ် နဲ့ ရေနံ့သာရွာတွေမှာ အသိမ်းခံထားရတဲ့ လယ်မြေတွေထဲမှာ ထွန်ယက်စိုက်ပျိုးတာကြောင့် တရားစွဲခံထားရတဲ့ လယ်သမား ၁၉ ဦးရှိနေပေမယ့် ဆက်လက် ထွန်ယက်စိုက်ပျိုးသွားမယ်လို့ လယ်သမားတွေက ပြောပါတယ်။

၁၉၈၆ ခုနှစ်ကတည်းက သမဝါယမ ဝန်ကြီးဌာနက သိမ်းဆည်းထားတဲ့ လယ်မြေတွေကို ပြန်ပေးဖို့ တင်ပြခဲ့သလို ဒီနှစ် ဇန်နဝါရီလကုန်ပိုင်းကလည်း ဆန္ဒပြတောင်းဆိုခဲ့ကြပေမယ့် ဖြေရှင်းပေးမှု မရှိတာကြောင့် ဆက်လက် ထွန်ယက်စိုက်ပျိုးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း တရားစွဲခံထား ရတဲ့ ကျောက်စရစ်ရွာသား ကိုရဲရင့်အောင် က ပြောပါတယ်။

"သမဝါယမစီမံကိန်းအတွက်ဆိုပြီး သိမ်းတယ်၊ အခုအထိဆို လယ်စိုက်ပျိုးခွင့်မရခဲ့တာ၂၈ နှစ်ရှိခဲ့ပြီ ၊ ၂ဝ၁၄ ၁ လပိုင်းမှာ တရားဝင်ဆန္ဒဖော်ထုတ် ခဲ့တယ်၊ အကျိုးအကြောင်း တစုံတရာဖြေရှင်းပေးခြင်း မရှိတဲ့အတွက် ကျနော်တို့ ထွန်တုံးတိုက်ပွဲဝင် ရခြင်းဖြစ်ပါတယ်၊ ကျနော်တို့ လယ်ယာမြေတွေဖြစ်တဲ့အတွက် ဆက်ပြီးလုပ်သွားပါမယ်"

မတ္တရာမြို့နယ် ကျောက်စရစ်ရွာနဲ့ ရေနံ့သာရွာ အကြားမှာရှိတဲ့ အသိမ်းခံထားရတဲ့ လယ်ဧက ၆၀၀ ကျော်ကို ဝင်ရောက်စိုက်ပျိုးလို့ဆိုပြီး လယ်သမား ၁၉ ဦးကို ရေနံ့သာစိုက်ပျိုးကုန်ထုတ် သမဝါယမအသင်း ဥက္ကဌက ကျူးကျော်ဝင်ရောက်မှု ပုဒ်မ ၄၄၇ နဲ့ အခုလဆန်းပိုင်းကတည်းက တရားစွဲဆိုထားပါတယ်။ အဲဒီလယ်ဧကပေါင်း ၆၀၀ ကျော်ကို တံငါရွာ၊ မြွေရွှေခဲ၊ မြွေဟသာၤ၊ မြွေကျီကုန်း၊ လင်ကုန်း၊ စကျင်၊ ကျောက်စရစ်၊ တမာကုန်းနဲ့ ပန်းရရွာတို့က လယ်သမား ၁ဝဝ ကျော် ပိုင်ဆိုင်ကြတာဖြစ်ပါတယ်။

တရားစွဲဆိုခံထားရတဲ့ လယ်သမား ၁၉ ဦးကို လတ်တလော မတ္တရာမြို့နယ်တရားရုံးက အာမခံပေးထားပြီး လာမယ့် ၁၉ ရက်နေ့မှာ ရုံးချိန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။