ဆယ်ဦးအထက် အစုလိုက်သတ်ဖြတ်ခံရမှု အကြိမ်နှစ်ဆယ်ကျော်ရှိကြောင်း NLD ထုတ်ပြန်

RFA Burmese
2023.10.11
ဆယ်ဦးအထက် အစုလိုက်သတ်ဖြတ်ခံရမှု အကြိမ်နှစ်ဆယ်ကျော်ရှိကြောင်း NLD ထုတ်ပြန် ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများအား မြေမြှုပ်သင်္ဂြိုဟ်စဉ်။
AFP

စစ်အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း လူဆယ်ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု (၂၂) ကြိမ် ရှိခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အောက်တိုဘာလ ၁၁ ရက်ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေထဲမှာ စစ်ကိုင်းတိုင်းက (၁၄) ကြိမ်နဲ့ အများဆုံးဖြစ်ပြီး ကချင်ပြည်နယ်က သုံးကြိမ်နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

မကွေး၊ ပဲခူး၊ ကယား၊ ရခိုင်နဲ့ မွန်ပြည်နယ်တွေမှာတော့ တစ်ကြိမ်စီဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီဖြစ်ရပ်တွေအရ စစ်ကောင်စီဟာ လူသားမျိုးနွယ်ပျက်သုဉ်းစေမှုနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်ပြီး စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ရေးနဲ့ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိရေး ကြိုးပမ်း ဆောင်ရွက်မယ်လို့ NLD ပါတီက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေ ရပ်တန့်ဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာကလည်း ပိုမိုထိရောက်စွာကူညီကြဖို့ တိုက်တွန်းကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆယ်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

အဲဒီဖြစ်ရပ်တွေထဲမှာ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ လေကြောင်းကနေ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးမှုက အများဆုံးဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် ၁၆၈ ဦး ထိသေဆုံးခဲ့တယ်လို့ NLD ပါတီရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာလကဖြစ်ခဲ့တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာ လေကြောင်း တိုက်ခိုက်ခံရမှု ကတော့ စုစုပေါင်းလူ ၆၂ ဦးသေဆုံးခဲ့ပြီး ဒုတိယအများဆုံး ဖြစ်ပါတယ်။

အနန့်ပါလေကြောင်းတိုက်ခိုက်ခံရမှုအပြီး တစ်နှစ်အကြာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ကတော့ ကချင်ပြည်နယ် လိုင်ဇာမြို့ မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စစ်ခန်း ပစ်ခတ်ခံရပြီး အရပ်သားသုံးဆယ် နီးပါး သေဆုံးခဲ့ပါတယ်။
 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။