မန်စီမြို့နယ်မှ လူသုံးရာကျော် ဗန်းမော်မြို့မှာ ယာယီခိုလှုံ
2013.10.31

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့လို့ ထွက်ပြေးခဲ့ကြတဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါကျေးရွာက လူပေါင်းသုံးရာကျော်လောက်ဟာ ဗန်းမော်မြို့က ခရစ်ယာန်ဘုရားကျောင်းတွေမှာ အခုအခါ ယာယီခိုလှုံနေကြရပါတယ်။
အဲဒီ ကျေးရွာသူ ကျေးရွာသား ၃၀၀ ကျော်လောက်မှာ အများစုက ကလေးတွေဖြစ်ပြီး သူတို့ကို မနေ့က ကား ၇ စီးနဲ့ သွားရောက်သယ်ဆောင်ပေးခဲ့တယ်လို့ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူးက RFA ကို အခုလို ပြောပါတယ်။
“ကျနော်တို့ကြိုပေးတာ ၃၄၁ ယောက်ပေ့ါနော်၊ အများစုက ကလေးတွေပါ၊ မုန်းဒိန်ပါခင်ဗျ၊ ကားလိုတယ်ဆိုတော့ စီစဉ်ပေးတာ ၁ဝ စီးပေ့ါ ၊ တကယ်တော့ ၇ စီးပဲ သူတို့စီးလာတယ်၊ မနက် ၉ နာရီ ၄၅ ထွက်တယ်၊ ကျနော်တို့ဆီကို နေ့လည် ၂ နာရီလောက်ရောက်တယ်”
ဗန်းမော်မြို့ နှစ်မိုင်အောင်သာ ကက်သလစ်ဘုရားရှိခိုးကျောင်းမှာ မနေ့က စစ်ဘေးဒုက္ခသည် ၆၀ ကျော်လောက် လာရောက်ခိုလှုံလာတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။
အဲ့ဒီမန်စီမြို့နယ်မှာ လောလောဆယ် တိုက်ပွဲဖြစ်ပွားတာမရှိတော့ဘဲ အေးချမ်းနေပြီလို့လည်း ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။