တိုက်ပွဲကြောင့် မံစီနဲ့ မိုးမောက်မြို့နယ်က လူတစ်သောင်းကျော် ထွက်ပြေးနေရ

RFA Burmese
2024.05.09
တိုက်ပွဲကြောင့် မံစီနဲ့ မိုးမောက်မြို့နယ်က လူတစ်သောင်းကျော် ထွက်ပြေးနေရ မံစီမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့က တွေ့ရစဉ်။
သုညသုခ ပရဟိတ လူငယ် အသင်း

ကချင်ပြည်နယ် မိုးမောက်နဲ့ မံစီမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲတွေပြင်းထန်နေပြီး ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြရသူ တစ်သောင်းကျော်အထိ ရှိလာနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မိုးမောက်နဲ့ မံစီမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက မေလ ၇ ရက်နေ့ကစလို့ ထိုးစစ်ဆင်နေတာကြောင့် ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ အမည်မဖော်လိုတဲ့ မံစီ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မံစီမြို့ပေါ်မှာကို တိုက်နေကြတာ ဒီနေ့ အခုချိန်ထိတော့။ ပြည်သူတွေလည်း အကုန်လုံး ထွက်ပြေးသွားပြီ။ လက်နက်ကြီး၊ လေယာဉ်ပစ်လို့ လူတွေသေတာက သုံးယောက်လောက်တော့ရှိပြီ။ လူတွေကလည်း တချို့က ဗန်းမော်၊ တချို့က မန်ဝိန်းကြီးဘက် ထွက်ပြေးသွားတယ်”

မေ ၇ ရက်နေ့က မံစီမြို့နယ် စင်းခန်းတံတားကို လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်၊ မန်ရွက်ကျေးရွာက စစ်ကောင်စီတပ်နဲ့ မံစီမြို့ပေါ်က စစ်ကောင်စီ ရဲခစန်းတွေကို KIA က သိမ်းပိုက်ခဲ့ပြီး နောက်ထပ်တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

မိုးမောက်မြို့နယ်မှာတော့ တိုက်ပွဲစဖြစ်လာတဲ့ ဧပြီ နောက်ဆုံးပတ်ကတည်းက မြို့ခံအများစု ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မိုးမောက်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မြို့ပေါ်မှာတော့ လူမရှိတော့ဘူး။ နေအိမ်တွေ တော်တော်များများလည်း ပျက်စီးသွားပြီ။ အခုက မြို့ပေါ်က စစ်ကောင်စီတပ်တွေက မရှိတော့ဘူး မနေ့က တိုက်ပွဲဖြစ်တော့ ခမရ ၃၄၇ တပ်ဘက် ရွှေ့သွားပြီ။ ဒီနေ့မနက်ကစပြီး ၄၃၇ တပ်ဘက်မှာ တိုက်ပွဲစဖြစ်နေပြီ”

မိုးမောက်မြို့မှာ ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ သုံးဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA/KIO) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မံစီမြို့နယ်နဲ့ မိုးမောက်မြို့နယ်မှာ တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်းတွေနဲ့ပါ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

၂၀၁၄ သန်းခေါင်စာရင်းအရ မံစီမြို့မှာ လူဦးရေ ရှစ်ထောင်ကျော်နဲ့ မိုးမောက်မြို့မှာ လူဦးရေ တစ်သောင်းကျော် နေထိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။