မိုးမောက်နဲ့ မံစီမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ
2024.05.13
ကချင်ပြည်နယ် မိုးမောက်နဲ့ မံစီမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ မေလ ၁၃ ရက် ဒီနေ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းသုံး တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးမောက်နဲ့ မံစီမြို့တို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက မေလ ၇ ရက်နေ့ကစလို့ တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အချိန်တစ်ပတ်ကြာလာတဲ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းနေတာလို့ KIA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“မံစီဘက်လည်း တိုက်ပွဲတွေဆက်ဖြစ်နေတယ်၊ မိုးမောက်ဘက်လည်း ဖြစ်နေတယ်။ မံစီဘက်မှာ နေအိမ်တွေ မီးလောင်တယ်ဆိုတာလည်း ကြားရတယ်။ စစ်ကောင်စီဘက်လည်း လက်နက်ကြီးနဲ့ လေယာဉ်တွေနဲ့လည်း ပုံမှန်လာပစ်နေတယ်”
မံစီမြို့မှာရှိတဲ့ ခမရ-၆၀၁ နဲ့ မိုးမောက်မြို့က ခမရ-၄၃၇ တပ်တွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာပါ။
တိုက်ပွဲအတွင်း အရပ်သား သေဆုံးမှုနဲ့ နေအိမ်မီးလောင်ပျက်စီးတာတွေလည်းရှိနေတယ်လို့ မံစီဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲက ဖြစ်နေဆဲပဲ အသံတွေကတော့ ဆက်တိုက်ကြားနေရတယ်။ဗန်းမော်ဘက်ကနေလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်။ မံစီတစ်မြို့လုံးလည်း လူမရှိတော့ ခြောက်ကပ်သွားပြီ။ အကုန်ထွက်ပြေးသွားကြပြီ။ တိုက်ပွဲစဖြစ်တဲ့ အချိန်မှာတော့ လူသေတာတွေလည်းရှိတယ်၊ ကျွန်နော် ယောက်ဖလည်း ဆုံးသွားတယ်။ အိမ်တွေလည်း မီးလောင်တယ်။ မိုးမောက်ဘက်လည်း ဖြစ်နေတုန်းပဲ လေယာဉ်နဲ့လည်း လာနေတယ်”
လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် မံစီနဲ့ မိုးမောက်မြို့နယ်က အရပ်သား တစ်သောင်းကျော်အထိ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ကချင်ပြည်နယ်မှာ မတ်လ ၇ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲနှစ်လကျော်အတွင်း ဆွမ်ပရာဘွမ်၊ ဒေါ့ဖုန်းယန်၊ ဆင်ဘိုနဲ့ တရုတ်နယ်စပ် လွယ်ဂျယ်မြို့တွေအပြင် စစ်ကောင်စီ တပ်စခန်းပေါင်း ရှစ်ဆယ်ကျော်ကို သိမ်းယူထားတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။