မန္တလေးတိုင်း ပုဒ်မ ၁၄၄ အမိန့် အချိန်တစ်နာရီ ထပ်မံလျှော့ချ
2014.07.28

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ထုတ်ပြန်ထားတဲ့ ည ၉ နာရီကနေ နံနက် ၃ နာရီအထိ ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့်ကို သက်ဆိုင်ရာက ဒီကနေ့ အချိန် တစ်နာရီ ထပ်မံလျှော့ချလိုက်ပါတယ်။
ညမထွက်ရ အမိန့်ကို ဒီနေ့မှာ ည ၁၀ နာရီကနေ နံနက် ၃ နာရီအထိ အချိန် ၁ နာရီ လျှော့လိုက် တာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဒုတိယရဲမှူး ဦးဇော်မင်းဦးက ပြောပါတယ်။
"ည ၁၀ နာရီကနေ မနက် ၃ နာရီအထိပေါ့ အဲ့လိုပြောင်းလိုက်ပြီ၊ ကျနော်တို့ ယခင်အတိုင်းပဲ လုံခြုံရေးကတော့ ကြပ်မတ်သွားမယ်ပေါ့၊ လက်ရှိကတော့ ငြိမ်းချမ်းတယ်ပေါ့ဗျာ၊ လူသတ်မှှုနှစ်မှှုလုံးအတွက်ကတော့ ကျနော်တို့ ၈ ယောက်ကတော့ စစ်ဆေးနေတာတွေရှိပါတယ်၊ လူသိပြီးတော့ မမိသေးတဲ့ဟာတွေရှိတယ်ခင်ဗျ၊ မမိသေးတဲ့လူတွေကတော့ မိအောင်ကျနော်တို့ ကြိုးစားနေတယ်၊ မိပြီးသားလူတွေကိုလည်း ကျနော်တို့က မသင်္ကာတရားခံတွေဖြစ်တဲ့အတွက် တရားစွဲတင်ဖို့အတွက် ဆောင်ရွက်နေတာရှိပါတယ်"
ပုသိမ်ကြီး၊ ချမ်းမြသာစည်၊ အောင်မြေသာစည်၊ မဟာအောင်မြေ စတဲ့မြို့နယ် ၇ မြို့နယ်မှာ အရင်က ည ၉ နာရီကနေ မနက် ၅ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေတွေမှာ တည်ငြိမ်အေးချမ်းနေပြီဖြစ်ပေမဲ့ ညမထွက်ရအမိန့်ကို ရုတ်သိမ်းဖို့ ဆိုတာ တိုင်းဒေသကြီးအစိုးရက လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဒုတိယရဲမှူး ဦးဇော်မင်းဦးက ပြောပါတယ်။
မန္တလေးမြို့မှာ ပဋိပက္ခကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီး ကားတွေ၊ ဆိုင်ခန်းတွေနဲ့ ဘာသာရေး အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
မန္တလေးမြို့ပဋိပက္ခမှာ ပါဝင်သူ ၄၉ ဦးကို ဖမ်းဆီးထားပြီး ၈ ဦးက ထွက်ပြေးတိမ်းရှောင်နေတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။