မန္တလေးတိုင်းက စီမံကိန်း ၃ ခုကို ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားထား


2016.10.30
mdy-high-way-project-620.jpg ပြင်ဦးလွင် - မန္တလေးလမ်းသစ်စီမံကိန်းကို တွေ့ရစဉ်
Photo: Hset Paing Toe/ RFA

ပြီးခဲ့တဲ့ အစိုးရလက်ထက်က လုပ်ပိုင်ခွင့်ပြုပေးခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက စီမံကိန်း ၃ ခု ဟာ ပြန်လည်စိစစ်ဖို့ လိုအပ်တာကြောင့် ယာယီဆိုင်းငံ့ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားလိုက်ပါတယ်။

ပြင်ဦးလွင်-မန္တလေးလမ်းသစ် စီမံကိန်း၊ ဧရာဝတီမြစ်နဲ့ ဒုဌာဝတီမြစ်ဆုံရာမှာ တည်ဆောက်မယ့် စက်သုံးဆီ သိုလှောင်ရုံ စီမံကိန်း နဲ့ တောင်သမန်သစ္စာစီမံကိန်းတွေကို ဆိုင်းငံ့ခိုင်းထားတာ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် က ပြောပါတယ်။

"နံပါတ် ၁ စီမံကိန်းကတော့ ပြင်ဦးလွင် - မန္တလေး ဖြတ်လမ်းဆိုပြီးတော့ ပုသိမ်ကြီးဘက် ကနေဖြတ်ပြီး ဆောက်နေတာရှိပါတယ်၊ နောက်တစ်ခုကတော့ ဧရာဝတီနဲ့ ဒုဌာဝတီမြစ်ဆုံတဲ့နေရာမှာ ဆီသိုလှောင်ကန်တွေရယ်၊ ဆိပ်ကမ်းရယ် တည်ဆောက်မယ့်လုပ်ငန်းပါ၊ နောက်တစ်ခု ဆိုင်းငံ့တာ ကတော့ တောင်သမန်သစ္စာပါ၊ ဒီတောင်သမန်အင်းထဲမှာ ဧက ၁၀၀ နီးပါးထဲမှာ သူက Mini City လိုမျိုးလောက် အိမ်ရာပေါ့။ " လို့ ပြောတာဖြစ်ပါတယ်။

ပြင်ဦးလွင်-မန္တလေးလမ်းသစ်စီမံကိန်းဟာ သစ်တောကြိုးဝိုင်း ၂ ခုကို ဖြတ်ပြီး တည်ဆောက်ရမှာဖြစ်တာကြောင့် သစ်ပင်ပေါင်း ၇ သောင်းကျော်ကို ခုတ်လှဲပစ်ရမှာဖြစ်တဲ့အတွက် သစ်တောဝန်ကြီးဌာနက ဆိုင်းငံ့ခိုင်းထား သလို ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးကလည်း အဲဒီလမ်းဟာ ဝန်ကြီးဌာနက အသိအမှတ်မပြုတဲ့လမ်းဖြစ် တယ်လို့ ပြောထားကြောင်းလည်း ဦးဇာနည်အောင် က ပြောပါတယ်။

ဧရာဝတီမြစ်နဲ့ ဒုဌာဝတီမြစ်ဆုံရာမှာ တည်ဆောက်မယ့် စက်သုံးဆီသိုလှောင်ရုံ စီမံကိန်းကိုလည်း အင်ဂျင်နီယာ ပိုင်းဆိုင်ရာအရ လုံခြုံမှုရှိ/မရှိ နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်ထားတာ ရှိ/မရှိ တွေကို စိစစ်နေတာကြောင့် ဆိုင်းငံ့ခိုင်းထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် တောင်သမန်ကျေးရွာအနီးမှာ တည်ဆောက်မယ့် တောင်သမန်သစ္စာ စီမံကိန်းဟာ တည်ဆောက်မယ့် ပုံစံတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု စနစ်တွေ စနစ်တကျ ရှိမနေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ပြင်ဦးလွင်-မန္တလေးလမ်းသစ်စီမံကိန်းကို Axion ကုမ္ပဏီ၊ စက်သုံးဆီသိုလှောင်ရုံ စီမံကိန်းကို အများပိုင် စက်သုံးဆီဖွံ့ဖြိုးရေး ကုမ္ပဏီနဲ့ တောင်သမန်သစ္စာ စီမံကိန်းကို တောင်သမန်သစ္စာ ကုမ္ပဏီတို့က လုပ်ပိုင်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။

အစိုးရအကူးအပြောင်းကာလဖြစ်တဲ့ ပြီးခဲ့တဲ့ မတ်လမှာ အရင်အစိုးရက လုပ်ပိုင်ခွင့်ချပေးလိုက်တဲ့ စီမံကိန်း လုပ်ငန်းတွေကို မန္တလေးတိုင်းအစိုးရအဖွဲ့ က ပြန်လည်စိစစ်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။