မန္တလေးမြို့မှာ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်း
2014.07.05

မန္တလေးမြို့မှာ ဆူပူအကြမ်းဖက်မှုတွေ ထပ်မံမဖြစ်ပွားအောင် တားဆီးနိုင်ဖို့အတွက် သံဃာတော်တွေ စာရေးဆရာတွေ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေအပြင် နိုင်ငံရေးနဲ့ လူမှုရေး တက်ကြွလှုပ်ရှားသူတွေပါဝင်တဲ့ မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီကို ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
စာရေးဆရာ မင်းထက်ငြိမ်းချမ်းက မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းရတဲ့အကြောင်း RFA ကို အခုလို ပြောပါတယ်။
"မန္တလေးမှာ ပြန်ပြီးတည်ငြိမ်သွားအောင် ပြန်ကြပ်မတ် ဖို့ပေါ့ဗျာ၊ နိုင်သမျှထမ်းမှာပေ့ါ၊ အဲတော့ ဘယ်လိုထမ်း မှာလဲဆိုတော့ ဆရာတော် သံဃာတော်များရဲ့ အရိပ်အာဝါသကိုခိုပြီးတော့ ဆရာတော်ကြီးတွေရဲ့ သြဝါဒတွေ ဆရာတော်ကြီးတွေရဲ့ လမ်းညွှန်မှုတွေ ယူပြီးတော့ နောက်ထပ် ဒီလိုအဖြစ်ဆိုးတွေ မဖြစ်ရအောင်၊ ဖြစ်ခဲ့ရင်လည်း အချိန်မီထိန်းသိမ်းနိုင်အောင် သတင်းအမှန်တွေ ကျနော်တို့ ထုတ်ပြန်ပေးမယ်၊ ကျနော်တို့ တတ်နိုင်သမျှ ဒါတွေ စိုးရိမ်သောကတွေ ပျောက်သွားအောင် သက်ဆိုင်ရာ လူမှုအသင်းအပင်း အဖွဲ့အစည်းတွေ အခြေခံပြီးတော့မှ ရပ်ကွက်မြို့ရွာတွေမှာလုပ်မယ်"
အဖွဲ့ဝင် ၂၁ ဦးပါဝင်တဲ့ မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီဟာ သက်ဆိုင်ရာ အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်သွားမယ်လို့လည်း ပြော ပါတယ်။
မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးကော်မတီ အဖွဲ့ဝင်တွေဟာ မနက်ဖြန်နေ့လည် ၁ နာရီမှာ ဂဠုန်နီဆရာတော် ဦးကာဝိယ အပါအဝင် မန္တလေးမြို့မှာရှိတဲ့ သံဃာအဖွဲ့အစည်းအသီးသီးက ဆရာတော်တွေရဲ့ သြဝါဒကိုခံယူဖို့ မန္တလေးမြို့ မိုးကောင်းကျောင်းတိုက်မှာ ကျင်းပဖို့ရှိတယ်လို့လည်း သိရပါတယ်။
မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီဝင် စာရေးဆရာ မင်းထက်ငြိမ်းချမ်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ လက်ရှိနောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင်တွေရဲ့ အမြင်တွေကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။