ငါန်းဇွန်မှာ ဒေသခံတစ်ဦး ပစ်သတ်ခံရ

RFA Burmese
2023.10.26
ငါန်းဇွန်မှာ ဒေသခံတစ်ဦး ပစ်သတ်ခံရ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့အဝင်ကို တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာ - မြင်းခြံ ကားလမ်းဘေးရှိ ထန်းတစ်ပင်ကျေးရွာက မီးသွေးလုပ်ငန်းတစ်ခုကို အောက်တိုဘာ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အလုပ်လုပ်နေသူတစ်ဦး သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပစ်သတ်ခံရသူက ထန်းတစ်ပင်ရွာသား အသက် ၅၀ ဝန်းကျင်အရွယ် ဦးကုလားဖြစ်ပါတယ်။

အောက်တိုဘာ ၂၃ ရက် ည ၁၁ နာရီခွဲခန့်မှာ စစ်ကောင်စီ တပ်သားတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းငယ်တစ်ခုကို ဝင်ရောက်စီးနင်းစဉ် နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်သား ငါးဦးခန့်သေဆုံးပြီးနောက် အနီးရှိ မီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်တဲ့တဲကို စစ်သားတွေက ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၆) တပ်ခွဲ (၃) တပ်ခွဲမှူး ကိုငြိမ်းချမ်းက ပြောပါတယ်။

အဲဒီလိုပစ်ခတ်စဉ် တစ်ဦးသေဆုံးပြီး အဲဒီတဲမှာပဲ မီးသွေးလုပ်ငန်းလုပ်နေသူ အခြားတစ်ဦးလည်း ဘေးလွတ်ရာကို ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ ဒီမနက်မှာတော့ ပျောက်ဆုံးနေသူနဲ့ မိသားစုက အဆက်အသွယ် ပြန်ရပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက လက်ရှိမှာ ငန်းဇွန်မြို့နယ် ထန်းတပင်ရွာကို စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ထားပြီး ရွာသားတွေ တောထဲ သွားလာတာတွေ့ရင် ပစ်ခတ်အရေးယူခံရနိုင်ကြောင်း သတိပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ တပ်သားတွေဟာ အောက်တိုဘာ ၂၆ ရက် ဒီနေ့မှာလည်း ငါန်းဇွန်မြို့နယ် မြို့သာ - မြင်းခြံ ကားလမ်းဘေးရှိ ခေါင်းဘို၊ တလင်းကုန်းနဲ့ ရေလည်သောင် ကျေးရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၂၅ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ ၄,၁၅၇ ဦး ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။