မန္တလေးမှာ မြဝတီမင်းကြီးဆရာတော် ပျံလွန်ခြင်း တစ်လပြည့်ပွဲ ကျင်းပခွင့်မရ
မြဝတီမင်းကြီးဆရာတော်လို့ လူသိများတဲ့ အရှင် အရိယဝံသာ ဘိဝံသ ပျံလွန်တော်မူခြင်း တစ်လပြည့် အထိမ်းအမှတ်ပွဲကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စ-ရပ်ကွက်က မြဝတီမင်းကြီး ကျောင်းတိုက်မှာ နိုဝင်ဘာလ ၂၆ ရက်ဒီနေ့ ကျင်းပဖို့ပြင်ဆင်ထားပေမယ့် ကျင်းပခွင့်မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဆရာတော်ကြီးရဲ့ အသိုင်းအဝိုင်းက မိတ်ဆွေ ဆရာတော်ကြီးတွေ၊ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေ နိုင်ငံရေး၊ လူမှုရေး၊ ပရဟိတ အသင်းအဖွဲ့တွေ အားလုံးကို ဖိတ်ကြားထားသလို ကျွေးမွေးဖို့အတွက်လည်း ချက်ပြုတ်ပြင်ဆင်ပြီးမှ ပွဲမကျင်းပဖို့ တားမြစ်ခံရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဆရာတော်ကြီးရဲ့နောက်ဆုံးခရီးမှာ ဘာမှမလုပ်ပေးခဲ့ကြရတော့ မန္တလေးမြို့မှာရှိတဲ့ အသိုင်းအဝိုင်းပေါ့ နိုင်ငံရေး၊ လူမှုရေး၊ ပရဟိတ အားလုံးစုပြီးတော့ လုပ်ကြတဲ့ပွဲ။ အဲဒါကို ကျောင်းတိုက်ကဆရာတော်ကြီးတွေကို ညနေပိုင်းမှာ မြို့နယ်သံဃနာယက အဖွဲ့ကခေါ်ပြီး မလုပ်ဖို့တားတာ ဓမ္မစက်နဲ့။ ဒါပေမဲ့ ရှင်းနေတာပဲလေ ဘယ်သူတွေက တားခိုင်းတယ်ဆိုတာ။ တစ်ဖက်လှည့်နဲ့ လုပ်တဲ့သဘောပေါ့”
လူ ၅၀၀ စာ ချက်ပြုတ်ထားတာ၊ အခမ်းအနားအတွက် ဗီနိုင်းတွေ ပြင်ဆင်ထားတာ၊ ပန်းအလှဆင်ထားတာတွေ အကုန်ကြိုတင်ပြင်ဆင်ထားပေမယ့် လုပ်ခွင့်မရတော့ဘဲ လက်ရှိမှာလည်း အဲဒီကျောင်းတိုက် အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက အရပ်ဝတ်တွေနဲ့ စောင့်ကြည့်နေတယ်လို့ သူကဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
သက်တော် (၇၁) နှစ် ဝါတော် (၅၁) ဝါရှိတဲ့ မြဝတီမင်းကြီးဆရာတော်ဟာ စစ်တပ်အာဏာ စသိမ်းချိန်မှာ အစောဆုံး အဖမ်းခံရတဲ့ ရဟန်းတစ်ပါးဖြစ်ပြီး ခြောက်လအကြာ ၂၀၂၁ သြဂုတ်လ ၂ ရက်နေ့မှာ အကျဉ်းထောင်က ပြန်လွတ်ခဲ့ပါတယ်။
အဲဒီနောက် မြဝတီမင်းကြီးကျောင်းတိုက်ကို စွန့်ခွာပြီး နယ်စပ်ဒေသမှာ သီတင်းသုံးနေထိုင် ခဲ့ပြီးနောက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ဆေးရုံမှာ နှလုံးသွေးကြောပိတ်ဝေဒနာကို ကုသမှု ခံယူနေရင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ ညက ပျံလွန်တော်မူခဲ့ပါတယ်။