တရားရင်ဆိုင်နေရတဲ့ စဉ့်ကိုင်မြို့နယ်က တောင်သူ ၂၁ ဦး ဖမ်းဆီးခံရ
2017.01.04
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ခန်လူးကျေးရွာမှာ စစ်တပ်နဲ့ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်သူ ၂၁ ဦးကို မနေ့က ဖမ်းဆီးပြီး အိုးဘိုအကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။
ပိုင်နက်ကျူးကျော်မှု၊ အကျိုးဖျက်ဆီးမှု ပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရတဲ့ တောင်သူ ၂၁ ဦးဟာ စဉ့်ကိုင်မြို့နယ် တရားရုံးမှာ မနေ့က သွားရောက်အမှုရင်ဆိုင်စဉ် အိုးဘိုအကျဉ်းထောင်ကို ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ် တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအဖွဲ့ချုပ်က မန္တလေးတိုင်း ဥက္ကဌ ဦးလင်းထင်စိုး က ပြောပါတယ်။
"ရဲမှူးကနေ ခင်ဗျားတို့ တရားရုံးမှာသွားပြီး ရင်ဆိုင်လိုက်ပါ၊ မဖမ်းပါဘူးဆိုပြီးတော့ သဘောတူညီချက်ရထားတဲ့ အတွက် တောင်သူတွေကလည်းယုံကြည်ပြီး မနေ့ကကျတော့ တရားရုံးမှာသွားပြီးတော့ တောင်သူ ၂၁ ဦးက အမှုရင်ဆိုင်တယ်ပေါ့ဗျာ၊ အဲဒီမှာ ၄၄၀ ဆိုတဲ့ ပုဒ်မက အရင်တုန်းက စွဲထားတဲ့ထဲမှာမပါဘူး၊ မနေ့ကကျတော့ ၄၄၀ ပါတယ်၊ အာမခံမရဘူးဆိုပြီးတော့ ရဲကားကလည်း အရန်သင့် ကောက်ထိုးပြီးတော့ လက်ထိပ်တွေရော ဘာတွေရောထားထားတာပေါ့၊ အဲအချိန်မှာ ကျနော်တို့ကိုလှမ်းပြီး အကူအညီတောင်းတယ်၊ အဲ့ဒါဆို ကျနော်တို့ သတင်းထောက်တွေနဲ့ အခုချက်ချင်းပဲ လာခဲ့မယ်ဆိုတော့ ကျနော်တို့က မမှီလိုက်တာဗျ"
အမှတ်(၂) စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)က လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်က ခန်လူးကျေးရွာသား ၂၄ ဦး ပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၇၀ လောက်ကို သီးနှံလျော်ကြေးပေးပြီး သိမ်းယူထားတာဖြစ်တယ်လို့ တောင်သူတွေက ပြော ပါတယ်။
သိမ်းဆည်းစဉ်ကတည်းက ပိုလျှံနေတဲ့ မြေဧက ၅၀ လောက်မှာ မူလတောင်သူတွေက ရာသီပေါ်သီးနှံတွေ ဆက် လက်စိုက်ပျိုးနေကြတာဖြစ်ပြီး ပြီးခဲ့တဲ့သြဂုတ်လကစပြီး အဲဒီပိုလျှံမြေတွေကို စရဖအဖွဲ့က ခြံစည်းရိုးခတ်တာတွေ လုပ်ဆောင်လာခဲ့တာကြောင့် တောင်သူတွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ခဲ့တာပါ။
မနေ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့အထဲမှာ အမျိုးသမီး ၁၆ ဦးနဲ့ အမျိုးသား ၅ ဦးအပြင် အသက် ၆ လ အရွယ် ကလေးတစ်ဦးလည်းပါသွားတယ်လို့ ဦးလင်းထင်စိုး က ပြောပါတယ်။
အဲဒီလိုဖမ်းဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးထင်ကျော်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်၊ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဌ ဦးဟင်နရီဗန်ထီးယူ တို့တွေထံ တိုင်ကြား စာတွေ ပေးပို့သွားမယ်လို့လည်း သိရပါတယ်။