မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း ပန္နက်ရိုက်
2019.01.26

ဆရာတော် ဝီရသူ ဦးဆောင်တည်ထောင်မယ့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းကို မန္တလေးတိုင်းအစိုးရက ခွင့်ပြုချက်မပေးထားပေမယ့် ဒီနေ့မနက်က အဆောက်အဦး ပန္နက်ရိုက်ခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာမှာ တည်ဆောက်မယ့် မဟော်သဓာ ကျောင်းဆောင်ကို လက်ရှိမှာ နှစ်ထပ်အဆောက်အဦးအနေနဲ့ ဆောက်လုပ်မှာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ စေတနာရှင်တွေရဲ့ အလှူငွေတွေနဲ့ တည်ဆောက်မှာဖြစ်တယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။
ခွင့်ပြုချက်မရဘဲ ဆောက်တာကြောင့် ဥပဒေအရ အရေးယူမယ်ဆိုလည်း ရင်ဆိုင်သွားမှာဖြစ်တယ်လို့ ဆရာတော် ဝီရသူက ဒီနေ့ ပန္နက်ရိုက် အခမ်းအနားမှာ မိန့်ကြားပါတယ်။
ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လင်း က ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေတဲ့အပေါ် ဘယ်လိုအရေးယူသွားမယ်ဆိုတာ မပြောနိုင်သေးကြောင်း RFA ကို ပြောပါတယ်။
မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင် အထက်တန်းကျောင်းကို ဆရာတော် ဦးဝီရသူက ဦးစီးတည်ထောင်မှာဖြစ်ပြီး အစိုးရကတော့ ကျောင်းတည်ဆောက်ခွင့်ကို ဒီနေ့အချိန်ထိ ချထားပေးတာမရှိပါဘူး။
မနေ့ကလည်း ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ကျောင်းဆောက်လုပ်နေတာကို လာရောက် တားမြစ်ခဲ့ကြောင်း ကျောင်းတည်ဆောက်ရေးအဖွဲ့ နာယက အဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီမိုကရေစီအစိုးရလက်ထက်မှာ စာသင်ကျောင်းဆောက်လို့ ထောင်ချမယ်ဆိုရင် ထောင်ကျခံသွားမှာဖြစ်ကြောင်း ဆရာတော် ဝီရသူ က ဒီနေ့ပန္နက်တင်အခမ်းအနားမှာ မိန့်ကြားပါတယ်။
"NLD အစိုးရက ပြင်းပြင်းထန်ထန် ဆက်ဆံလာတဲ့အခါမှာ ယခင်က ဦးဆောင်ပါဝင်ခဲ့တဲ့ ဝါခင်းကုန်း ဆရာတော်ကြီး စိတ်ရှုပ်ပြီးတော့ ဒီအခမ်းအနားမှာ တက်တက်ကြွကြွ မပါဝင်တော့ပါဘူး။ ဒါကိုကြည့်သောအားဖြင့် ဒီမိုကရေစီ အစိုးရလက်ထက်မှ ဒီမိုကရေစီအခွင့်အရေး မရတဲ့ဘဝကို ရောက်ရှိသွားတာကို တွေ့ရပါတယ်။ မရတဲ့အတွက်ကြောင့် စာသင်ကျောင်းဆောက်လို့ ၅၀၅ (ခ) နဲ့စွဲကျမယ်ဆိုရင် ဦးဇင်းကိုယ်တိုင် ထောင် ဆယ်ခါပြန်အကျခံရဲပါတယ်"
ကျောင်းဆောက်လုပ်ခွင့်အတွက် ခွင့်ပြုမိန့် တင်ထားတာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပေမယ့် ဒေသအာဏာပိုင်တွေက ခွင့်ပြုချက် ချမပေးသေးတာကြောင့် နိုင်ငံတော် သမ္မတ ထံကိုလည်း ကျောင်းဆောက်ခွင့်ရရှိဖို့ အကြောင်းကြားစာတွေ ပေးပို့ထားတယ်လို့ သိရပါတယ်။
မဟော်သဓာ ကျောင်းမှာ သင်ကြားမယ့် ဘာသာရပ်တွေဟာ အစိုးရကျောင်းတွေကအတိုင်း သင်ကြားမှာဖြစ်ကြောင်း ကျောင်းဖြစ်မြောက်ရေး ဗဟိုကော်မတီက ဥက္ကဋ္ဌ ဒေါက်တာ မြင့်ဦး က ပြောပါတယ်။
"ကိုယ်ပိုင်အထက်တန်းကျောင်းလိုပါပဲ၊ အစိုးရစာသင်ကျောင်းလိုပဲ၊ အတူတူပဲ။ ဘာမှထူးတာမရှိပါဘူး။ အမျိုးသားရေးဆိုတာတော့ လိမ်လိမ်မာမာပေါ့လေ ယဉ်ကျေးသိမ်မွေ့ ဒါမျိုးတော့ ဖြစ်စေချင်တာပေါ့၊ စိတ်ကြမ်းကိုယ်ကြမ်း လူကြမ်းတော့ မဖြစ်စေချင်ဘူး။ ပညာရေးကတော့ အထွေအထူးမရှိပါဘူး။ တစ်သားတည်းပါပဲ"
ကျောင်းဖြစ်မြောက်ရေး ဗဟိုကော်မတီမှာ အငြိမ်းစားဗိုလ်မှူး အချို့ ပါဝင်တာတွေ့ရပြီး အဲဒီအထဲမှာ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က မန္တလေးတိုင်းဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ဦးရဲမြင့်ရဲ့ ကိုယ်ရေးအရာရှိလည်း ပါဝင်တာ တွေ့ရပါတယ်။
ကျောင်းဆောက်လုပ်ခွင့် မပေးတဲ့အပေါ် ဆရာတော် ဝီရသူ က သူ့အမြင်ကို အခုလိုမိန့်ကြားပါတယ်။
"ရန်ကုန်မဟော်သဓာက ကြံ့ခိုင်ရေးနဲ့ ပတ်သက်နေလို့ မန္တလေး မဟော်သဓာကို ခွင့်မပြုဘူးဆိုရင်တော့ ခုတ်ရာတခြား ရှရာတခြားပေါ့နော်၊ ကြံ့ခိုင်ရေးနဲ့ နီးကပ်လို့ အမြင်ကတ်တာတော့ သေချာပါတယ်။ ကြံ့ခိုင်ရေးနဲ့ နီးစပ်လို့ ခွင့်ပြုတာ၊ ခွင့်မပြုတာကိုတော့ တပ်အပ်ပြောလို့မရပါဘူး"
မဟော်သဓာကျောင်းဆောင် ဆောက်လုပ်ရေးအတွက် မြေ ၆ ဧက အသုံးပြုမှာဖြစ်ပြီး ကုန်ကျစရိတ်ကတော့ ကျပ်သိန်းပေါင်း လေးထောင်ကျော် လျာထားတယ်လို့ သိရပါတယ်။
ကျောင်းတည်ဆောက်ဖို့အတွက် သီးသန့်အလှူရှင်မရှိဘဲ အများစုကတော့ သံဃာတော်တွေနဲ့ ပြည်တွင်း ပြည်ပ အလှူရှင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ခွင့်ပြုချက်မရှိဘဲ ကျောင်းဆောက်လုပ်နေတဲ့အပေါ် ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လင်းက RFA ကို ပြောပါတယ်။
"တားမိန့်က ယခင်ကတည်းကအတိုင်းပဲ၊ တားတဲ့အပေါ်မှာ အတင်းလုပ်တာကတော့ လုပ်ကြတာပဲ၊ လောလောဆယ်ကတော့ ဘယ်လိုလုပ်မယ်ဆိုတာ ပြောလို့မရသေးဘူး။ ဥပဒေအရ တားထားတဲ့အတိုင်းပဲ"
မဟော်သဓာ စာသင်ကျောင်းတွေကို ရန်ကုန်မြို့နဲ့ တောင်ကုတ်မြို့တို့မှာလည်း ဖွင့်လှစ်ထားပြီး ကျောက်ချောကျေးရွာမှာ အခုဖွင့်လှစ်မယ့်ကျောင်းကတော့ ၉ တန်းနဲ့ ၁၀ တန်း ကျောင်းသားတွေကို သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ပြုလုပ်တဲ့ ပန္နက်ရိုက်ပွဲမှာ ကျောင်းဆောင်တည်ဆောက်ရေးအတွက် ထောက်ခံလက်မှတ်တွေလည်း ကောက်ခံခဲ့တာ တွေ့ရပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။