မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ
2012.03.31

RFA
နောက်ထပ် မဲစာရွက် ထပ်မံတောင်းဆိုရာမှာလည်း တရွက်ပဲပေးခွင့်ရှိလို့ မရဘူးလို့ မဲရုံမှူးတာဝန်ရှိသူတွေက ပြောကြောင်း ကိုယ်တိုင် မဲသွားပေးခဲ့သူ ကိုအောင်ကျော်ဝင်းက ပြောပြပါတယ်။
“စာရွက်က မှင်သုတ်လိုက်တော့ အခါကြတော့ စာရွက်က ချော်နေတာ။ အဲဒါနဲ့ ကျနော်က နောက်စာရွက် တရွက်ထပ်တောင်းတာ သူကစာရွက်က တရွက်ပဲ ပေးခွင့်ရှိတာပါတဲ့။ တရွက်ထဲပဲပေးတာပါတဲ့။ ချော်နေတာ စာရွက်က ချော်နေတာအကိုရဲ့။ ခြစ်လို့ကရတယ်။ဟိုလို မှင်ပျက်သွားတာပေါ့ဗျာ။"
ကိုအောင်ကျော်ဝင်းဟာ မဲဆန္ဒ အမှတ် (၆၇၈) နဲ့ မဲပေးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်၊ ဒီလိုဖြစ်နေတာဟာ ရပ်ကွက် (၁) နဲ့ (၈) မှာ ဖြစ်နေတယ်လို့ ကြားထားကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် အမတ်လောင်း ဒေါက်တာ တင်ဌေးအောင်က ပြောပါတယ်။
“ကြိုတင်မဲပေးတဲ့ ပုဂ္ဂိုလ်တွေက အဲဒီ NLD အကွက်ထဲမှာ အမှန်ခြစ်ခြစ်တဲ့အခါမှာ ဘယ်လိုမှ မထင်ဘဲဖြစ်ပြီး ချော်နေတာပါ။ အဲဒါကို ကျနော်တို့ အားလုံး သံသယဖြစ်နေလို့ ကျနော်တို့ အဲဒီ source လိုက်နေတာပါ။ အမှတ်(၈)ရပ်ကွက် နောက်ပြီးတော့ တခုရှိသေးတယ်။ အမှတ်(၁) ရပ်ကွက်ပါ ပါတယ်ခင်ဗျ”
ဒီလိုသာလုပ်နေရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ပါဘူးလို့လည်း သူကပြောပါတယ်။ ရေစကြိုမြို့နယ်မှာ ပြည်သူ့လွှတ်တော် အမတ်လောင်း နေရာအတွက် NLD ပါတီက ဒေါက်တာ တင်ဌေးအောင် အပါအဝင် ပြည်ခိုင်ဖြိုးနဲ့ တစ်သီးပုဂ္ဂလ အမတ်လောင်းတဦး စုစုပေါင်း (၃) ဦး ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။