လယ်မြေပြန်ရရေး လွှတ်တော် အမတ်ကို အကူတောင်း
2014.05.04

ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်ပေါင်း ၂၆ မြို့နယ်က လယ်ယာမြေအငြင်းပွားမှုပြဿနာတွေ ရင်ဆိုင်နေရတဲ့ လယ်သမားတွေ တစ်ရာလောက်ဟာ မိုးရာသီ စိုက်ပျိုး ချိန်အမီ လယ်မြေတွေ ပြန်လည်ရရှိရေးအတွက် ကူညီပေးဖို့ မအူပင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းဟန်ဆီမှာ ဒီနေ့ အကူအညီတောင်းခံခဲ့ ကြပါတယ်။
ဒီနေ့ မအူပင်မြို့နယ် တိုးရွှေဝါခန်းမမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းဟန်နဲ့ လယ်သမားတွေ တွေ့ဆုံကြရာမှာ လယ် ယာမြေပြဿနာတွေကို လွှတ်တော်မှာ ဆွေးနွေး တင်ပြပေးဖို့ တောင်းဆိုခဲ့တယ်လို့ ညောင်တုန်းမြို့နယ် ကညင်ခေါက်ကြီး ကျေးရွာအုပ်စုက လယ်မြေဧက ၂ဝ အသိမ်းခံထားရတဲ့ ဦးစံသိန်းက ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းဟန်ဟာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းက လယ်ယာမြေပြဿနာတွေကို စစ်ဆေးရတဲ့သူ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းအတွင်းက သောင်းဂဏန်းလောက်ရှိတဲ့ လယ်မြေတွေကို ပြီးခဲ့တဲ့ ၁၉၈ဝ ခုနှစ်ကျော်ကတည်းက ငါးမွေးမြူရေးလုပ်ငန်းရှင်တွေက တဖြည်းဖြည်းသိမ်းယူခဲ့ကြပြီး လက်ရှိမှာ ငါးမွေးကန်တွေ တည်ဆောက်ထား ကြတယ်လို့ သိရပါတယ်။
လယ်သမားတွေဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ခုနှစ်ကလည်း လယ်ယာမြေ ပြန်လည်ရရှိဖို့အတွက် နိုင်ငံတော်သမ္မတဆီကို စာရေးသားတင်ပြခဲ့ဖူးတယ်လို့ သိရပါတယ်။
ဒီနေ့ တွေ့ဆုံပွဲကို မအူပင်၊ ကျိုက်လတ်၊ မြောင်းမြ၊ ညောင်တုန်း၊ မော်ကျွန်း၊ လပွတ္တာ၊ ကန်ကြီးထောင့်၊ ပန်းတနော် နဲ့ ဓနုဖြူ စတဲ့ မြို့နယ် ၂၆ မြို့နယ်က လယ်သမားတွေ တစ်ထောင်လောက်နဲ့ ဧရာဝတီတိုင်း တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်၊ ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုယ်စားလှယ်တွေ၊ လယ်သမားအရေးကူညီပေးနေတဲ့ ဥပဒေပညာရှင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီး ဦးစိန်ဝင်းဟန်ကို RFA သတင်းထောက် မရတနာဦး မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။