ရုပ်ရှင်သရုပ်ဆောင် လူမင်းနဲ့ ရဲတိုက် အလုပ်ကြမ်းနဲ့ ထောင် ၃ နှစ် ချခံရ
အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားတဲ့ အနုပညာရှင်တွေထဲက သရုပ်ဆောင် အကယ်ဒမီ လူမင်းနဲ့ ရဲတိုက် တို့ကို ဒီဇင်ဘာ ၃၀ ရက် ဒီကနေ့မှာပဲ အင်းစိန်ထောင်အတွင်း တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ချလိုက်ပါတယ်။
နှစ်ဦးစလုံးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ - ကနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး အဖမ်းခံရပြီး (၈) လကျော် အကြာ ဒီကနေ့မှာ အမိန့်ချလိုက်တာဖြစ်တယ်လို့ ထောင်တွင်းတရားရုံးနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။
"နေ့လယ် ၁၁ ကျော်လောက်က အမိန့်ချလိုက်တာပါ၊ ကိုရဲတိုက်နဲ့ ကိုလူမင်းကို အလုပ်ကြမ်းနဲ့ ထောင် (၃) နှစ် ချလိုက်တယ်၊ ကျနော်ပြန်လာတဲ့အချိန်အထိ ပြေတီဦး၊ ပိုပို၊ မဝင်းမင်းသန်းတို့ကို အမိန့်မချရသေးဘူး"
နှစ်ဦးစလုံးကို ချမှတ်လိုက်ရတဲ့ ပြစ်ဒဏ်တွေဟာ ဥပဒေပုဒ်မ - ၅၀၅ - က ရဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေ ဖြစ်ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် လူမင်းကို မတ်လနဲ့ ရဲတိုက်ကိုတော့ ဧပြီလမှာ သူတို့ရဲ့ နေအိမ်တွေကနေ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်ကို စစ်ကောင်စီရဲ့ အင်းစိန်ထောင်တွင်း တရားရုံး ကနေ အလုပ်နဲ့ ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပါတယ်။