အနုပညာရှင်တွေ သင်္ကြန်ပွဲမှာ မပါဝင်ကြဖို့ NUCC တိုက်တွန်း
အနုပညာရှင်တွေ၊ ထင်ရှားကျော်ကြားသူတွေအနေနဲ့ ပြည်သူတွေနဲ့ပူးပေါင်းပြီး ၂၀၂၂ ခုနှစ်မှာ ကျရောက်တဲ့ ၁၃၈၄ ခုနှစ် မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကို တော်လှန်သင်္ကြန်အဖြစ် ပုံဖော်ကြဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ကြေညာချက်ထုတ်ပြန် ပြောလိုက်ပါတယ်။
စစ်ကောင်စီက သင်္ကြန်ကို နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ပြင်ဆင်နေတာကြောင့် အခုလို ကြေညာချက် ထုတ်ပြန်ရတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဝင် ဦးတိုးကျော်လှိုင်က ပြောပါတယ်။
“ အကြမ်းဖက်စစ်အုပ်စုက သင်္ကြန်မှာ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ တော်တော်လေးပြင်ဆင်နေတယ်။ စစ်အုပ်ချုပ်ရေး အသားကျသွားတဲ့ပုံစံမျိုး။ သူတို့က မြန်မာတစ်နိုင်ငံလုံးရဲ့ အုပ်ချုပ်ရေးယန္တရားကို အေးအေးချမ်းချမ်းနဲ့ တည်ဆောက်ထားနိုင်တယ်ဆိုတဲ့ ပုံစံမျိုး လုပ်ချင်တယ်။ ဌာနဆိုင်ရာမဏ္ဍပ်တွေ၊ သူတို့ပိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ မဏ္ဍပ်တွေကို သူတို့ပိုင်တဲ့ မီဒီယာတွေကနေ ထုတ်လွှင့်ဖို့ လုပ်နေတယ်။ လူထုက ဘယ်လောက်ပျော်ရွှင်နေတယ်ဆိုတာကို ပြဖို့လုပ်နေတယ်။”
စစ်ကောင်စီရဲ့ အမျိုးမျိုးသောစည်းရုံးမှု၊ ခြိမ်းခြောက်မှု၊ အကြပ်ကိုင်မှုတွေမှာ ပြည်သူတွေကပါဝင်ပြီး သင်္ကြန်ပွဲကို ဆင်နွှဲတာမလုပ်ဖို့နဲ့ ဒီပျော်ပွဲရွှင်ပွဲကို အခွင့်ကောင်းယူပြီး အကြမ်းဖက်မှုတွေကို စစ်ကောင်စီက ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်တာကို သတိထားဖို့လိုတယ်လို့ သူကပြောပါတယ်။
ပြည်တွင်း၊ ပြည်ပမီဒီယာတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ သင်္ကြန်သတင်းတွေကို အမှောင်ချခြင်းနည်းနဲ့ ပူးပေါင်းပါဝင်ပေးဖို့ NUCCက တိုက်တွန်းထားပါတယ်။
မြန်မာ့ရိုးရာသင်္ကြန်ပွဲကို စစ်ကောင်စီက ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းမှာ ကျင်းပဖို့ စီစဉ်နေပါတယ်။ လုံခြုံရေးအားကောင်းတဲ့နေရာနဲ့ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ထိန်းသိမ်းနိုင်တဲ့နေရာတွေမှာ သင်္ကြန်ပွဲကို လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ဧပြီလဆန်းမှာ ပြောထားပါတယ်။
ကပ်ရောဂါ စတင်ဖြစ်ပွားတဲ့ ၂၀၂၀ ခုနှစ်ကစလို့ မြန်မာနိုင်ငံမှာ သင်္ကြန်ပွဲကို လူထုက မဆင်နွှဲကြတာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ သပိတ်ကော်မတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အာဏာရှင်ဖီဆန်ရေးလူထုလှုပ်ရှားမှုမှာပါဝင်ကြသူတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။