အိန္ဒြာကျော်ဇင်နဲ့ ပိုင်တံခွန် အပါအဝင် အနုပညာရှင်အချို့ ဒီနေ့ပြန်လွတ်

2022.03.01
အိန္ဒြာကျော်ဇင်နဲ့ ပိုင်တံခွန် အပါအဝင် အနုပညာရှင်အချို့ ဒီနေ့ပြန်လွတ် အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ ပြေတီဦးနဲ့ ပိုင်တံခွန်တို့ ၂၀၂၁ ခုနှစ်က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြခဲ့စဉ်
.

ဖမ်းဆီးထောင်ချခံထားရတဲ့ အနုပညာရှင်တွေထဲက အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ လူမင်း၊ ပိုင်တံခွန်နဲ့ မကြာသေးခင်က အဖမ်းခံထားရတဲ့ ဒါရိုက်တာ ဝိုင်းတို့ကို မတ်လ ၂ ရက် ဒီနေ့မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်ကောင်စီဘက်က ကြေညာပါတယ်။

အကယ်ဒမီ အိန္ဒြာကျော်ဇင် အပါအဝင် ပြေတီဦး၊ လူမင်း၊ ဝင်းမင်းသန်းနဲ့ ပိုင်တံခွန်တို့ဟာ ပုဒ်မ - ၅၀၅ (က) နဲ့ ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း လွတ်ငြိမ်း ချမ်းသာနဲ့ ပြန်လွှတ်ပေးတာလို့ RFA ကို ဒီမနက်က ပြောပါတယ်။

"ဒီနေ့ အိန္ဒြာကျော်ဇင်ရယ်၊ ပြေတီဦး၊ လူမင်း၊ ဝိုင်း၊ ဝင်းမင်းသန်းရယ်၊ ပိုင်တံခွန်နဲ့ မလေးရှားနိုင်ငံသား တစ်ယောက်ရယ် ခုနစ်ယောက် လွတ်မယ်"

ဒါပေမဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ထောင်သုံးနှစ်စီ ချမှတ်ခံထားရတဲ့ အပေါ်ကိုသာ လွတ်ငြိမ်းချမ်းသာအဖြစ် လွှတ်ပေးတာဖြစ်လို့ မတရားအသင်းဥပဒေ ပုဒ်မ - ၁၇ (၁) အမှု ကျန်နေသေးတဲ့ မဝင်းမင်းသန်း ပြန်လွတ်တဲ့အထဲ ပါ၊ မပါ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ပိုင်တံခွန်၊ အိန္ဒြာကျော်ဇင်၊ ပြေတီဦးနဲ့ လူမင်းတို့ရဲ့ မိသားစုဝင်တွေကတော့ လက်ရှိ နေအိမ်တွေကို ပြန်ရောက်နေပြီလို့ လူမှုကွန်ရက်စာမျက်နှာကနေ အတည်ပြုထားပါတယ်။

ဒီနေ့ လွတ်လာတဲ့အနုပညာရှင်က လေးဦးပဲ အတည်ပြုနိုင်သေးတဲ့အတွက် အရင်က လွတ်တဲ့သူ ၁၈ ဦး နဲ့ဆိုရင် ၂၂ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အဖမ်းခံရတဲ့ အနုပညာရှင် စုစုပေါင်း ၆၃ ဦးရှိပြီး၊ လက်ရှိ ထောင်ထဲမှာ အမှုရင်ဆိုင်နေရတဲ့ အနုပညာရှင်က ၃၅ ဦးနဲ့ အမိန့်ချခံထားရတာက ခြောက်ဦးရှိတာကြောင့် မလွတ်ဘဲ ကျန်နေသေးတဲ့ အနုပညာရှင် ၄၁ ဦးရှိတယ်လို့ AAPP က ဆိုပါတယ်။

လက်ရှိ ဖမ်းဆီးထောင်ချခံထားရတဲ့အထဲမှာ သရုပ်ဆောင် ရဲတိုက်နဲ့ အဆိုတော် ပိုပိုတို့လည်း ကျန်ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။