လူထုဒေါ်အမာ နှစ် ၁ဝဝ ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲ စတင်
2015.11.26

လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကျရောက်မယ့် ထင်ရှားတဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ နှစ် ၁ဝဝ ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့ ဓမ္မသာလ ခန်းမမှာ ဒီနေ့ စတင်ကျင်းပပါတယ်။
မနက်ပိုင်းမှာ ဖွင့်ပွဲကျင်းပပြီး လူထုဒေါ်အမာကို ဂုဏ်ပြုတဲ့ စာတမ်းဖတ်ပွဲတွေ ဟောပြောပွဲတွေနဲ့ ဖျော်ဖြေပွဲတွေကို ဒီနေ့ညကစပြီး ကျင်းပသွားမယ်လို့ အခမ်းအနားဖြစ်မြောက်ရေး အဖွဲ့ဝင် ဦးမင်းထက်ငြိမ်းချမ်းက ပြောပါတယ်။
"ဖွင့်ပွဲကတော့ မနက်ပိုင်းက ဆရာဦးကိုလေးတို့ ဆရာညီပုလေးတို့ ဖွင့်ပွဲတွေနဲ့ အမှာစကားပြောတာတွေ ၊ နောက်တစ်ခါ အောင်ဆန်းဇာနည်နဲ့ အစီအစဉ်နဲ့ဖျော်ဖြေတာတွေ၊ နောက်တစ်ခါ စာအုပ်ပြပွဲတွေ၊ အခုဆိုရင် စာအုပ်ရောင်းဝယ် ရောင်းချတာတွေနဲ့အတူ အမှတ်တရပစ္စည်း ရောင်းချတာတွေ ပြပွဲတွေဖွင့်လှစ်ခဲ့ပါတယ်၊ ည ၇ နာရီမှာ အမျိုးသားစာပေးဆုရ စာရေးဆရာ ဆူးငှက် လူထုတိုက်ထွက်ပါပဲ အမေအမာရဲ့ တပည့်အရင်း တစ်ယောက်ဖြစ်တယ်၊ ဆရာဆူးငှက် ဦးဆောင်ပြီးတော့မှ ဟောပြောမယ့် ပြည်သူချစ်သော အမေလူထုဒေါ်အမာနဲ့ အနုပညာရှင်များဆိုပြီးမှ အဓိကတော့ ပြည်သူချစ်သော အနုပညာသည်များနဲ့ အမေဒေါ်အမာ စာပေဆုလည်းရခဲ့သလို အင်မတန်လည်းထင်ရှားတဲ့ ဒီစာအုပ်ထဲက အနုပညာရှင်ကြီးတွေရဲ့ ဘဝတစ်စိတ်တစ်ပိုင်းအနေနဲ့ သူတို့ရဲ့ထင်ရှားခဲ့တဲ့သီချင်းတွေကို ဒီနေ့ ကျနော်တို့ဒီမှာ ဒုတိယမျိုးဆက်က ပညာရှင်တွေကနေမှ မြို့မ ဒုတိယအသင်းကြီးနဲ့ ကပြအသုံတော်ခံပြီးတော့မှ သီဆိုထျော်ဖြေပြီးမှ ဒီနေ့ အမေဒေါ်အမာ ရာပြည့်ကို ဂုဏ်ပြုမှာပါ"
အခမ်းအနားမှာ ဆရာမကြီးရဲ့ မထုတ်ဝေရသေးတဲ့ စာအုပ်အသစ်တွေ၊ လက်ရေးမူတွေ၊ ရှားပါးစာအုပ်တွေနဲ့ ဆရာမကြီးရဲ့ မှတ်တမ်းဓာတ်ပုံတွေကို ပြသရောင်းချနေပြီး စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာ ၊ နိုင်ငံရေးသမားတွေနဲ့ အနယ်နယ် အရပ်ရပ်က လူထုဒေါ်အမာကို ချစ်မြတ်နိုးသူတွေ တက်ရောက်ခဲ့ကြပါတယ်။
နိုဝင်ဘာလ ၂၉ ရက်နေ့မှာတော့ လူထုဒေါ်အမာ မွေးနေ့ပွဲကို နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ တောင်လေးလုံးကျောင်း တိုက်မှာ ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။
သတင်းစာဆရာနဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာကို လွန်ခဲ့တဲ့ ၁၉၁၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ မန္တလေးမြို့ ဂုန္တန်ရပ်ကွက်မှာ မွေးဖွားခဲ့ပြီး ၂ဝဝ၈ ခုနှစ် ဧပြီလ ၇ ရက်နေ့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ တာဖြစ်ပါတယ်။
လူထုဒေါ်အမာ မွေးနေ့ပွဲကို သူရှိစဉ် နှစ် ၇ဝ ပြည့်မွေးနေ့ကစပြီး နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။