လက်ပံတောင်းတောင်ဒေသခံတွေ သြင်္ကန်ဆင်နွဲှ


2013.04.13

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကောင်အထည်ဖေါ်လုပ်ဆောင်နေတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ကို မုန်းတီးလို့မဟုတ်ပဲ၊ ဒေသတွင်းငြိမ်းချမ်းရေးအတွက်သာ စီမံကိန်းဖျက်သိမ်းပေးဖို့ တောင်းဆိုတာဖြစ်ကြောင်း  လက်ပံတောင်းဒေသ သြင်္ကန်သံချပ်အဖွဲ့တွေက ဒီကနေ့ သြင်္ကန်အကြိုနေ့မှာ ဟစ်ကြွေးသီဆိုခဲ့ကြပါတယ်။

သြင်္ကန်ကြိုဆိုတဲ့ အခမ်းအနားကို  လက်ပံတောင်းတောင်ဒေသ တုံရွာမှာ ဒီနေ့ဖွင့်လှစ်ခဲ့ပြီး သံချပ်အဖွဲ့ ၄ ဖွဲ့က သီဆိုဖျော်ဖြေခဲ့ကြတာပါ။ သံချပ်အဖွဲ့တွေရဲ့ ဖျော်ဖြေမှုတွေနဲ့ ပတ်သက်ပြီး တုံရွာဒေသခံ ဦးဝင်းမင်းအောင်က RFA ကို အခုလို ပြောပါတယ်၊

"မြန်မာ့ရိုးရာသြင်္ကန်မှာ သံချပ်တွေပေါ့၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ကျနော်တို့တောင်းဆိုထားတဲ့ သံချပ်တွေပေါ့နော်၊ ကျနော်တို့ တုံရွာအနေနဲ့တော့ ကျနော်တို့ဒေသက တရုတ်လူမျိုးတွေကိုမုန်းတာ မဟုတ်ပါဘူး၊ တရုတ်လူမျိုးတွေကို ကျနော်တို့က နှိမ်ချတာ မဟုတ်ပါဘူး၊ ကျနော်တို့ဒေသရဲ့ ငြိမ်းချမ်းရေးအတွက် တရုတ်ကုမ္ပဏီတွေ ထွက်ပေးဖို့ပါ၊ ဦးပိုင်ကို မမုန်းတဲ့အကြောင်း၊ ဦးပိုင်ကို နောက်ဆုတ်ပေးဖို့ပါ၊ ဘာကြောင့်လဲဆိုရင် လက်ပံတောင်းတောင်ကြီးရှိမှ ကျနော်တို့ဒေသမှာ စိတ်ချမ်းသာနေရတဲ့အကြောင်းကို ကျနော်တို့ဖွဲ့ဆိုထားတာပါ၊"

ဒီကနေ့ကနေ နှစ်ဆန်း ၁ ရက်နေ့အထိ သံချပ်နဲ့ ယိမ်းအကအဖွဲ့တွေ မနက်တစ်ကြိမ် ညနေတစ်ကြိမ် ကပြဖျော်ဖြေကြမှာဖြစ်ပြီး သြင်္ကန်သံချပ် စာသားတချို့နဲ့ သီချင်းစာသားတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီမှာ ကြိုတင်ခွင့်ပြုချက်ရယူခဲ့ကြပါတယ်။

ဒီအခမ်းအနားကို တုံရွာ၊ ရွာသစ်၊ တောကျောင်း၊ အလယ်ရွာစတဲ့ ကျေးရွာပေါင်း ၇ ရွာက ဒေသခံရွာသား ၅ဝဝ ကျော် တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။