ဝန်ထမ်းလစာ တိုးတောင်းတာ ဝမ်ပေါင်ကုမ္ပဏီ ပယ်ချ
2014.04.07

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သင်တန်းပေးပြီး ဝမ်ပေါင်ကုမ္ပဏီမှာ ခန့်အပ်ထား တဲ့ ဒေသခံဘွဲ့ရလူငယ်တွေက လစာတိုးတောင်းတာနဲ့ ပတ်သက်ပြီး ကုမ္ပဏီက ငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။
ဒေသခံဘွဲ့ရ ၂၃၃ ဦးကို သင်တန်း ငါးလ တက်စေပြီးနောက် လစာတစ်လကို အမေရိကန်ဒေါ်လာ ၁၂၀ ပေးတာကို ဒေသခံတွေက ဒေါ်လာ၂၄၀ တိုးတောင်းခဲ့တာဖြစ်ပါတယ်။
ဒေသခံတွေရဲ့ တောင်းဆိုချက်ကို ပြီးခဲ့တဲ့မတ်လ ၂၉ရက်နေ့က တစ်ကြိမ် ကုမ္ပဏီကငြင်းပယ်ခဲ့ပြီး ဧပြီလ ၅ ရက်နေ့ လစာထုတ်ပေးချိန်မှာလည်း အလုပ်သမားတစ်ဦး ချင်းကို လစာနဲ့အတူ ငြင်းပယ်တဲ့ စာတစောင်စီပေးခဲ့တယ်လို့ အလုပ်သမားတစ်ဦးဖြစ်တဲ့ ဖေါင်းဝသာရွာသား ကိုဘိုနီ က ပြောပြပါတယ်။
"လစာကို တိုးလိုချင်ရင် သင်တန်း ၅ လအပါအဝင် နောက်ထပ် ၁၉ လ ဆက်ပြီးတော့ သင်တန်းတက်ပါ၊ အဲဒီသင်တန်းပြီးတာနဲ့ အရည်အချင်းစစ်စာမေးပွဲ ဖြေရမယ်၊ အောင်လို့ရှိရင် ကျနော်တို့ကို လစာ ၄ဂဝ နဲ့ ဆက်ပြီးတော့ခန့်သွားမယ်၊ အဲဒါနံပါတ် ၁ အချက်၊ ၂ အချက်က ကျနော်တို့ကို သင်တန်း ၅ လအပါအဝင် ၂ နှစ်အလုပ်လုပ်ပြီးလို့ရှိရင် ကျနော်တို့ကို အရည်အချင်းစစ်စာမေးပွဲဖြေရမယ်၊ အောင်လို့ရှိရင် ၄၈ဝ နဲ့ G8 စပြီးခန့်ပါ့မယ်၊ နံပါတ် ၃ အချက်က အခုလက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး တစ်ခုမှမလုပ်နိုင်ခဲ့ဘူးဆိုရင် မိမိရဲ့ဆန္ဒအလျှောက် ဒီအလုပ်ကနေ နုတ်ထွက်ပါတယ်လို့ ယူဆပြီးတော့ နောင်တချိန် ကုမ္ပဏီကခေါ်တဲ့ ဘယ်လုပ်ငန်းမဆို လျှောက်ထားခွင့်မရှိဘူးဆိုပြီး ဒီလိုမျိုးခြိမ်းခြောက်ထားတာတွေရှိပါတယ်"
သတ္တုတွင်းလုပ်ငန်းဟာ သာမန်လုပ်ငန်းနဲ့မတူဘဲ ပင်ပင်ပန်းပန်းလုပ်ရတဲ့ အလုပ်ဖြစ်တာကြောင့် လစာတိုးတောင်းရခြင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားတွေရဲ့ စီတန်းလှည့်လည်ဆန္ဒပြပွဲကို ဧပြီလ ၁၀ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ပြုလုပ်မယ်လို့ သိရပါတယ်။