ကြေးနီစီမံကိန်း ကော်မတီ ကို ဒေသခံများ ဆန္ဒပြ


2013.09.25

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင်ဒေသက ဒေသခံ ၄၀၀ ကျော်က ကြေးနီစီမံကိန်း လုပ်ငန်းဖော်ဆောင်ရေးကော်မတီဟာ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး တုံရွာထိပ်ကနေ ဆည်တဲ၊ ဇီးတောရွာ သစ်ထိပ်အထိ ဒီနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲမှာ လက်ပံတောင်းတောင်ဒေသက ကျေးရွာ ၁၀ ရွာက ရွာသားတွေ ပါဝင်တယ်လို့ ပြောပါတယ်။ စီမံကိန်းမဖျက်သိမ်းပေးနိုင်ရင် လုပ်ငန်းကော်မတီအနေနဲ့ ဒေသခံရွာသားတွေကို စီမံကိန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းပြစေလိုကြောင်း တုံရွာသား ကိုမင်းမင်းက ပြောပါတယ်။

ဆန္ဒပြရတဲ့ အဓိကရည်ရွယ်ချက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းပေးဖို့ရယ်၊ ကြေးနီစီမံကိန်းကို မဖျက်သိမ်းနိုင်ခဲ့ရင်လည်း လက်ပံတောင်း ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လိုက်နာပြီးတော့ အကောင်အထည်ဖော်ပေးဖို့ပါခင်ဗျ”

ဒေသခံတွေက ကြေးနီစီမံကိန်းကို ဖျက်သိမ်းပေးရေး၊ ပုဒ်မ ၁၄၄ ကို ဖျက်သိမ်းပေးရေး၊ ဇီးတောကျေးရွာကို အကြမ်းဖက်တဲ့ သတင်းတပ်ဖွဲ့ဝင်တွေကို အရေးယူပေးရေးစတဲ့ အချက်တွေကို ကြွေးကြော်ခဲ့ကြပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းကော်မတီဟာ ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးနေတာရှိသလို ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးနေတာတွေလည်းရှိတယ်လို့ သိရပါတယ်။ ဇီးတောရွာနားမှာ ဆက်ဆံရေးရုံးဖွင့်လှစ်ထားပြီး တစ်ပတ်တစ်ခါ ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးနေတာရှိတယ်လို့ သိရပါတယ်။

ဦးပိုင်နဲ့ ဝမ်ပေါင်ကုမ္ပဏီတို့ရဲ့ လက်ပံတောင်းတာင် ကြေးနီစီမံကိန်းအတွက် ပေးနေတဲ့မြေယာလျော်ကြေးကို လာမယ့်အောက်တိုဘာလ ၁ ရက်နေ့ နောက်ဆုံးယူရမှာဖြစ်ပြီး၊ လျော်ကြေးမယူပဲ လယ်ဆက်လုပ်သူကို အရေးယူမယ်လို့ ရဲအရာရှိတစ်ဦးကပြောတဲ့အတွက် ဒေသခံလယ်သမား အယောက် ၄ ရာကျော်လောက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဒေသခံတွေကို ကူညီနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုကောင်းမြတ်လှိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။