ဆားလင်းကြီးမြို့နယ်မှာ ဆန္ဒပြ
2017.04.26

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က စံပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီသတ္တုစီမံကိန်းအတွက် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ ၂၃၀၀ ကျော်အတွက် လျော်ကြေးပေးဖို့ ဒေသခံတောင်သူတွေက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကို သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒဖော်ထုတ်မယ့်နေရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမရောက်ခင် လမ်းတစ်ဝက်မှာတင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကဝန်ကြီးတွေက ဖြေရှင်းဆောင်ရွက်ပေးဖို့ လာရောက်ကတိပေးခဲ့တဲ့အတွက် ဆန္ဒပြဖို့ ရပ်နားခဲ့တယ်လို့ ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ ဆားလင်းကြီးမြို့နယ် ကံကုန်းရွာက ကိုတင့်အောင်စိုး က ပြောပါတယ်။
"သွားတာနေရာကတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ကိုသွားတာ၊ဒါပေမဲ့ တိုင်းဒေသကြီး အစိုးရဖွဲ့ကနေမှ လယ်ဆည်ဝန်ကြီးနဲ့ စည်ပင်ဝန်ကြီး တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကနေ လာရောက်ဖြေရှင်းတဲ့အတွက် ကျနော်တို့က ဒါကိုရှေ့ဆက်မလျှောက်ဘဲနဲ့ သူတို့ဖြေရှင်းပေးတာ တကယ်လုပ် မလုပ်ဆိုတာကို စောင့်ကြည့်မယ်ဆိုပြီး ပြည်သူတွေကိုချပြောပြီးတော့ နောက်ပြန်လှည့်ခဲ့တာပေါ့"
စံပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီသတ္တု စီမံကိန်းအတွက် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ ၂၃၀၀ ကျော်အတွက် မြေယာလျော်ကြေးအမြန် ဆုံးဖြေရှင်းပေးဖို့၊ ဒေသခံ နေ့စားအလုပ်သမား ၃၀၀ ကျော်ကို အမြဲတမ်း ဝန်ထမ်းအဖြစ်ခန့်ပေးဖို့၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကို ဖြေရှင်းပေးဖို့၊ စီမံကိန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီ အနေနဲ့ ရရှိတဲ့အကျိုးအမြတ်ကနေ နှစ်ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေးတွေ လုပ်ဆောင်ပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ကြပါတယ်။
၁၉၈၇ ခုနှစ်လောက်က စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းကြောင့် ဒေသခံရွာ ၁၁ ရွာက လယ်ယာမြေဧက ၆၀ဝ၀ ကျော် အသိမ်းခံခဲ့ရတာဖြစ်ပြီး ဧက ၂၃၀၀ ကျော်ကို လယ်ယာမြေလျော်ကြေးပေးဖို့ ကျန်ရှိနေတာဖြစ်တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။