လက်ပံတောင်းစီမံကိန်း ကိစ္စ ပြည်ထောင်စုအစိုးရထံ တင်ပြထား
2017.03.02

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေက ဒေသခံတွေရဲ့ တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအနေနဲ့ ဆုံးဖြတ်လို့မရတဲ့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။
ဒေသခံတွေ တောင်းဆိုတာနဲ့ ကုမ္ပဏီနဲ့ကြားမှာ ကွဲလွဲမှုတွေရှိနေပြီး ဒီစီမံကိန်းဟာ ပြည်ထောင်စုအဆင့်နဲ့ စာချုပ်ချုပ်ဆိုထားတာ ဖြစ်တဲ့အတွက် ပြည်ထောင်စုအစိုးရဆီကို မနေ့က စာတင်ထားတယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် က ပြောပါတယ်။
"ခြံခတ်ထားတဲ့အတွင်းကဟာတွေကို သီးနှံလျော်ကြေးအနေနဲ့ တောင်းချင်တာပါ၊ သူတို့တောင်းဆိုချက်က သီးနှံမစိုက်ရတဲ့အတွက် သိမ်းခဲ့တဲ့ကာလကနေပြီးတော့ အခု ၂၀၁၇ အထိဆိုရင် တချို့က ၃ နှစ်၊ တချို့က ၂ နှစ်၊ တချို့က ၄ နှစ်ပေါ့နော်၊ တစ်နှစ်ကို သူတို့က တစ်ဧကကို ၇ သိန်းနှုန်းနဲ့ ရချင်တယ်၊ နောက်နှစ်တွေ မှာလည်း သူတို့ညှိနှိုင်းတဲ့ဟာမျိုးနဲ့ပဲ ရချင်တယ်ဆိုတဲ့ အခါကျတော့ ကုမ္ပဏီက အဲလို တစ်ဖြတ်ချင်း လုပ်လို့မရပါဘူးတဲ့၊ ကွဲလွဲနေတဲ့အခါကျတော့လေ အဲဒါကျတော့ တိုင်းဒေသကြီးက ဆုံးဖြတ်လို့မရပါဘူး၊ ဒါက ပြည်ထောင်စုနဲ့ စာချုပ်ထားတာ၊ ပြည်ထောင်စုပဲ တင်ပေးလိုက်ပါတယ်၊ မနေ့က စာတင်ပေးလိုက် ပါတယ်"
ကုမ္ပဏီဘက်က မြေယာလျော်ကြေး၊ ထောက်ပံ့ကြေး၊ သီးနှံလျော်ကြေးတွေကို နှုန်းထားတစ်ခုနဲ့ နှစ်စဉ်ပေးချင်နေ တာဖြစ်ပေမယ့် ဒေသခံတွေကတော့ မြေယာလျော်ကြေးအဖြစ် မြေယာ တစ်ဧက အတွက် တစ်နှစ်ကို ၇ သိန်းနှုန်း နဲ့ ပေးဖို့အပြင် နောက်နှစ်တွေမှာလည်း ဒေသခံတွေ တောင်းဆိုတဲ့ နှုန်းထားအတိုင်းပေးချေဖို့ တောင်းဆိုထား တာ ဖြစ်ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သိမ်းယူခံထားရတဲ့ မြေယာတွေထဲက လျော်ကြေးမယူထားတဲ့ ဧက နှစ်ထောင်အတွက် သီးနှံလျော်ကြေးပေးရေးကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဒေသ ခံတွေနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလို ဝန်ကြီးချုပ်နဲ့တွေ့ဆုံခွင့်ရဖို့အတွက် ဝမ်ပေါင်ကုမ္ပဏီက ကြေးနီတင်တဲ့ ယာဉ်တွေကို တားဆီးကာ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ဒေသခံ ၂၅ ယောက်ကို ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၁၄၃၊ ပြည်သူပိုင်လမ်းပိတ်ဆို့မှု ပုဒ်မ ၁၄၃/ ၄၃၁ တို့နဲ့ ဆားလင်းကြီး မြို့မရဲစခန်းက အမှုဖွင့်ထားပါတယ်။