လက်ပံတောင်းဒေသ ဆောင်ရွက် ပြီးစီးမှု အစီရင်ခံစာ တင်သွင်း


2015.06.11
latpadaung-620.jpg လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ ပါအချက်တွေကို အကောင်အထည်ဖော်ရေးကော်မတီက ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်ထံ ဒီနေ့အပြီးသတ်အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။

အစီရင်ခံစာမှာပါတဲ့ ကျောင်း၊ လမ်း၊ တံတားဆောက်လုပ်ဖို့၊ မြေယာလျော်ကြေးပေးဖို့နဲ့ အလုပ်အကိုင် ဖန်တီးပေးဖို့ စတာတွေကို ဆောင်ရွက်ပြီးကြောင်း အစီရင်ခံစာ အကောင်အထည်ဖော်မှုကော်မတီအဖွဲ့ဝင် သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်က တင်ပြခဲ့ပါတယ်။

"လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင် အထည်ဖော်ဆောင်ရွက်သည့် ကော်မတီအနေနဲ့ အစီရင်ခံစာအကြံပြုချက် ၄၂ ချက်အပေါ်မှာ ၃၇ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဖြစ်တဲ့အတွက်ကြောင့်မို့ အကြံပြုချက်များရဲ့ ၈၈.၁ဝ ရာခိုင်နှုန်း ကို ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါတယ်"

အဲဒီအစီရင်ခံစာတင်ပြချက်အပေါ် ကိုယ်စားလှယ် ၄ဦးက ဆွေးနွေးခဲ့ရာ ၃ ဦးက ကန့်ကွက်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခကြောင့် တောင်သူဒေါ်ခင်ဝင်း သေဆုံးခဲ့တာကိုထောက်ပြပြီး အစီရင်ခံစာ အကောင်အထည်ဖော်မှုကော်မတီရဲ့ အားနည်းချက်တွေကို NLD ပါတီ၊ ပုလဲမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးခဲ့ပါတယ်။

"လူ့အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ပျက်ခဲ့တဲ့ အဓိကရုဏ်းနှိမ်နင်းခြင်း နည်းလမ်းတွေဟာလည်း ကော်မရှင်ရဲ့ အစီရင်ခံစာမှာပါတဲ့ အကြံပြုချက်နဲ့ တရားဥပဒေစိုးမိုးရေး၊ ရဲတပ်ဖွဲ့ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ ဥပဒေပြင်ဆင်ရေ၊ လုပ်ထုံးလုပ်နည်းစံနှုန်းများနဲ့အညီ ဆောင်ရွက်ရေး၊ ပြည်သူလူထုက ဥပဒေကို အားကိုးအားထားပြုလာရေး၊ ဥပဒေကို လေးစားလိုက်နာရင် လိုအပ်ကြောင်း ပညာပေးလေ့ကျင့်ပျိုးထောင်ရေး၊ အုပ်ချုပ်ရေးနည်းလမ်းသာမကဘူး စည်းရုံးရေးနည်းလမ်းကိုပါ ကျင့်သုံးရန်အတွက် သက်ဆိုင်ရာဝန်ထမ်းတွေ ကို လေ့ကျင့်ပညာပေးတဲ့ အကြံပြုချက်တွေကို ထိရောက်စွာ အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း ကို တွေ့ရပါတယ်"

ဒါ့အပြင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ပျက်စီးဆုံးရှုံးမှုအတွက် နေရာပြန်ချထားဖို့ အစီရင်ခံမှာ တိုက်တွန်းထားပေမယ့် အကောင်အထည်ဖော်မှုကော်မတီက ဧက ၁၀၀ အတွက်သာ နေရာချထား ရသေးတယ်လို့ သိရပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပြုအချက်တွေကို သမ္မတရုံးဝန်ကြီး ဦးလှထွန်း ခေါင်းဆောင်တဲ့ အကောင်အထည်ဖော်မှုကော်မတီက ဖြည့်ဆည်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်မှာ မှတ်တမ်းတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။