လက်ပံတောင်းဒေသခံ ၅ဝဝ ညောင်ပင်ကြီး ရဲစခန်းတွင် သွားရောက်ဖမ်းဆီးခံ
2013.04.30
လက်ပံတောင်းဒေသခံ ၅ဝဝ နီးပါးဟာ မနေ့ညနေပိုင်းက ညောင်ပင်ကြီးရဲစခန်းကို သွားရောက်ပြီး သူတို့ကိုဖမ်းဆီးဖို့ ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ဒေသခံတွေအဆိုအရ အာဏာပိုင်တွေထုတ်ပြန်ထားတဲ့ ဒေသတည်ငြိမ်ရေးနဲ့ အေးချမ်းသာယာရေး ပျက်ပြားအောင်လှုံဆော်သူ ၈ ဦးကို အကူအညီပေးသူတွေ၊ ခိုလှုံခွင့်ပေးသူတွေကိုပါ အရေးယူမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် ခုလိုလာရောက်အဖမ်းခံတာဖြစ်တယ်လို့ ပြောကြပါတယ်။
မနေ့က လက်ပံတောင်းဒေသခံတွေဟာ တရားဝင်ခွင့်ပြုချက်နဲ့ ဆန္ဒပြခွင့်ရတာကြောင့် တုံရွာကနေ ဝမ်ပေါင်ကုမ္ပဏီအထိ မွန်းလွဲ ၂ နာရီကနေ ၅ နာရီအထိ ဆန္ဒပြခွင့်ရလို့ လမ်းလျောက်ဆန္ဒပြကြစဉ်အတွင်း ညောင်ပင်ကြီး ရဲစခန်းရှေ့အရောက်မှာ အခုလိုဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
သွားရောက် အဖမ်းခံခဲ့တာနဲ့ ပတ်သက်လို့ တုံရွာသစ်က ကိုလေးဝင်းက အခုလိုပြောပြပါတယ်။
“ရဲစခန်းကိုသွားရတဲ့ အကြောင်းရင်းက ဒေသခံတွေက ထမင်းချိုင့်ပေးလို့ပေ့ါ၊ အိမ်တွေမှာ လက်သင့်ခံလို့ပေါ့၊ ဖမ်းမယ်ဆိုလို့ သွားပြီးတော့အဖမ်းခံတာပါ၊ နောက်လည်း လာကူညီမယ့်သူတွေကို ဆက်ပြီးတော့ ထမင်းချိုင့်ပို့မယ်၊ အိမ်တွေမှာလည်း လက်သင့်ခံမယ်ပေါ့နော် ဖမ်းချင်လည်းဖမ်းပေါ့”
ဒေသခံတွေက အကူအညီပေးသူတွေအပေါ် ထုတ်ပြန်ထားတဲ့ ဖမ်းဆီးမိန့်ကို ရုတ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမယ့် ရဲတပ်ဖွဲဝင်တွေက မူလခွင့်ပြုချက်ပေးထားတဲ့ဆန္ဒပြပွဲကိုပဲ ဆက်လုပ်ဖို့ပြောဆိုတာကြောင့် ဝမ်ပေါင်ကုမ္ပဏီရှေ့အထိ ဆက်လက်လမ်းလျောက်ဆန္ဒပြပြီး ညနေငါးနာရီကျော်မှာ ဒုတိယအကြိမ် ရဲစခန်းကို ထပ်မံသွားရောက်ခဲ့ကြတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းပြဖို့ ဧပြီလ ၃၀ ရက်နေ့မှာ ဒေသခံ ၂ ဦး ဒါမှမဟုတ် ၃ ဦး ရဲစခန်းကိုလာရောက်ဖို့ စခန်းမှူးက ပြောဆိုခဲ့တယ်လို့သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြသူတစ်ဦးဖြစ်သူ မစန္ဒာကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။