လွိုင်ကော်ဘွဲ့နှင်းသဘင်ခန်းမ ပျက်စီးတာကို စိစစ်ပေးဖို့ သမဂ္ဂဆန္ဒပြတောင်းဆို


2016.09.17
loikaw-students-protest-620.jpg ကယားပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ လွိုင်ကော်ဘွဲ့နှင်းသဘင်ခန်းမ ပျက်စီးတာကို စိစစ်ပေးဖို့ စက်တင်ဘာလ ၁၇ ရက်နေ့က ဆန္ဒပြတောင်းဆိုနေစဉ်
Photo: Soe Du

အရင်အစိုးရလက်ထက်က ငွေကျပ်သန်းပေါင်း တစ်ထောင်ကျော် အကုန်အကျခံ ဆောက်လုပ်ခဲ့တဲ့ လွိုင်ကော် တက္ကသိုလ်က ဘွဲ့နှင်းသဘင်ခန်းမဟာ ပျက်စီးနေတဲ့အတွက် ပြန်လည် စိစစ်ပြင်ဆင်ပေးဖို့ ကယားပြည် နယ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ၃ဝ လောက်က လွိုင်ကော်တက္ကသိုလ် ကျောင်းဝင်းအတွင်းမှာ ဒီနေ့  ဆန္ဒပြတောင်းဆိုကြပါတယ်။

ဘွဲ့နှင်းသဘင်ခန်းမ ပျက်စီးနေတာကို စိစစ်ပေးဖို့ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရဆီ စာတင်ပြတောင်းဆို ခဲ့ပေမယ့် အရေးယူဆောင်ရွက်ပေးတာတွေ မရှိသေးတဲ့အတွက် ဆန္ဒပြတောင်းဆိုတာလို့ ကယားပြည် နယ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ခူးပါစကွားလယ်က ပြောပါတယ်။

"ကျနော်တို့ ပြည်ထောင်စုလွှတ်တော်မှာလည်းတင်တယ်၊ ပြည်နယ်အစိုးရဆီမှာလည်း ကျနော်တို့တင်တယ်၊ ကျနော်တို့ စီစစ်ရေးကော်မတီလည်း ကျနော်တို့တင်တယ်၊ ကျနော်တို့တင်တာကို ဘာမှတုံ့ပြန်ဆောင်ရွက်ခြင်းမရှိဘူး၊ အခုဆိုပိုပြီးအက်ကြောင်းတွေပေါ်တယ်၊ အဲ့ဒါကို ကျနော်တို့ထပ်တောင်းဆို တာပေါ့၊ ဒါပေမယ့်အကြောင်းမပြန်တဲ့တွက် လမ်းပေါ်ထွက်ပြီးဆန္ဒပြရခြင်းဖြစ်ပါတယ်၊ ၃ရက်၊ ၄ရက်လောက်စောင့်ကြည့်မယ်၊ ပျက်ဆီးယိုယွင်းနေတာကို ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ ဆွေးနွေးတိုင်ပင်ဖို့လိုတယ်"

လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို ပြီးခဲ့တဲ့နှစ်က ပြည်နယ်အစိုးရ ဘတ်ဂျက်ထဲကနေ ကျပ်သန်းပေါင်း ၁၃ဝဝ ကျော် အကုန်ကျခံပြီး KMG ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ခန်းမကို ဖွင့်လှစ်လိုက်တာဖြစ်ပြီး အခုချိန်မှာ နံရံအက်ကွဲတာတွေ၊ အောက်ခြေ ပိုင်းတော်တော်များများ ပျက်စီးနေပါတယ်။

အဲ့ဒီဘွဲ့နှင်းသဘင်ခန်းမကို ပြန်လည်စိစစ်ပေးဖို့ ကယားပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူက ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်ပြခဲ့ပေမယ့် ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အဲ့ဒီခန်းမဟာ အရည်အသွေး ပြည့်မီတယ်လို့ ဖြေကြားခဲ့ပါတယ်။

ဆန္ဒပြကျောင်းသား ကျောင်းသူတွေဟာ ဘွဲ့နှင်းသဘင်ခန်းမဆောင်ကို ပြန်လည်စိစစ်ပေးဖို့၊ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်းကြည်နဲ့ဆောက်လုပ်ရေး အင်ဂျင်နီယာ တာဝန်ခံဦးစိုးလှတို့ကို အလိုမရှိကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။