လယ်မစိုက်တဲ့ တောင်သူတွေကို စစ်တပ်က ခြိမ်းခြောက်

မကွေးတိုင်း အောင်လံမြို့နယ် ရွာမကုန်းကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က ယာမြေ ထွန်ယက်နေတဲ့ တောင်သူတွေကို ဒေသခံ စစ်တပ်က ခြိမ်းခြောက် မောင်းထုတ်တဲ့အတွက် တောင်သူတွေ ထွက်ပြေးခဲ့ရတယ်လို့ စုံစမ်းသိရှိရပါတယ်။

2011.04.10
farmer-plough-305 လယ်ထွန်နေတဲ့ လယ်သမားသားအဖကို တွေ့ရစဉ်
AFP

ဒီဖြစ်ရပ်ကို ရန်ကုန်မြို့က ILO ရုံး အရာရှိဆီ တင်ပြထားတယ်လို့ လယ်သမားအရေး ဆောင်ရွက်နေတဲ့ ဦးသန်းစိုးက RFA ကို ပြောပါတယ်။

“ဖြစ်သွားတဲ့ကိစ္စကတော့ ရွာမကုန်းကျေးရွာက တောင်သူလယ်သမား ၂ဝ ကျော်လောက်က ထွန်ယက်ကြတယ်။ ဒါကို ကပစ (၁၅) ဗိုလ်မှူးညိုမြင့် အမိန့်ဆိုပြီး စစ်သား အင်အားနဲ့ပေါ့ဗျာ၊ တခါတည်း လယ်သမားတွေကို ပစ်ခတ်မယ့် ရိုက်နှက်မယ့် အနေအထားမျိုးထိ ရောက်ခဲ့တယ်။ လယ်သမားတွေက နွားနဲ့ ထွန်တွေပါထားခဲ့ပြီး နွားကြိုးနဲ့ ကြိမ်လုံးတွေပါ လွှင့်ပစ်ခဲ့ပြီးတော့ ထွက်ပြေးရတဲ့ အခြေအနေမျိုးပေါ့။ ဒါကိုလည်း ILO ကို တင်ပြထားပါတယ်”

အောင်လံမြို့နယ်ထဲက ရွှေပန်းတော-တမ္ဘူလ ကားလမ်းပေါ်မှာရှိတဲ့ ရွာပေါင်း ၁၃ ရွာက ယာမြေတွေကို ဒေသခံ စစ်တပ်က လယ် စိုက်ခိုင်းနေတာပါ။ ဒါ့အပြင် အဲဒီယာမြေတွေဟာ စစ်တပ်ပိုင် ဖြစ်တဲ့အကြောင်း ဒေသခံ တောင်သူတွေကို လက်မှတ်ထိုး ခိုင်းသလို၊ ထွက်လာတဲ့ သီးနှံအပေါ်မှာလည်း တဧကထွက်နှုန်း အပေါ် သတ်မှတ်ချက်တခုနဲ့ စစ်တပ်ကို ပေးနေရတယ်လို့ ဆိုပါတယ်။

စစ်တပ်က ခိုင်းသလို ယာမြေကို လယ်မြေအဖြစ် ပြောင်းပြီး စပါးစိုက်တဲ့အခါမှာ လက်ရှိ နည်းပညာ လောက်နဲ့ အောင်မြင်အောင် စိုက်ပျိုးနိုင်မှာ မဟုတ်တဲ့အပြင် တောင်ယာစိုက်တာနဲ့ စပါးစိုက်တာမှာ တောင်ယာ စိုက်တာက ပိုပြီး ဒေသခံ တောင်သူတွေအတွက် အကျိုးရှိတယ်လို့ ပြောပါတယ်။

ဒီ့အတွက် တောင်သူတချို့က လယ်စိုက်ဖို့ ငြင်းဆန်နေတာ ဖြစ်ပြီး အခုလို ငြင်းဆန်တဲ့ တောင်သူတွေကို စစ်တပ်က ထွန်ယက်လုပ်ကိုင်ခွင့် ပိတ်ထားတာပါ။ ဒါ့ကြောင့် ယာလုပ်ခွင့် ပိတ်ပင်ခံထားရတဲ့ တောင်သူနဲ့ လုပ်ခွင့်ပိတ်ထားတဲ့ စစ်တပ်ကြားမှာ ပဋိပက္ခ ဖြစ်နေပြီး ဒီကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ILO ရုံးကို တင်ပြထားပေမယ့် ခုချိန်ထိ ပြေလည်အောင် မဖြေရှင်းပေးသေးဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။